တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် တိုင်ဖွန်းမုန်တိုင်းကြောင့် တနင်္သာရီ၊ ပဲခူး ၊ စစ်ကိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ ကရင်နှင့် မွန်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း စစ်ကော်မရှင် လက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ယနေ့ သြဂုတ်လ ၂၅ ရက် နံနက်တွင် ထုတ်ပြန်သည်။
“ကဂျိကိ” (Kajiki) ဟုအမည်ပေးထားသည့် တိုင်ဖွန်းမုန်တိုင်း အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနေပြီး နောက် ၁၂နာရီအတွင်း ဗီယက်နမ်နိုင်ငံ အထက်ပိုင်း၊ နောက် ၂၄ နာရီအတွင်း လာအိုနိုင်ငံအထက်ပိုင်းဒေသများကို ဖြတ်ကျော်နိုင်ကြောင်း ခန့်မှန်ထားသည်။
မုန်တိုင်းအရှိန်ကြောင့် တိုင်းနှင့် ပြည်နယ်ခြောက်ခုတွင် မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့်ဖြစ်ပြီး ကျန်တိုင်းနှင့် ပြည်နယ်တို့တွင်လည်း နေရာစိပ်စိပ်နှင့် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလက ခန့်မှန်ထားသည်။
မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့်မှာ ၉ ပေမှ ၁၁ ပေခန့်ရှိနိုင်ကြောင်း ဆိုသည်။
တောင်တရုတ်ပင်လယ်တွင် ဖြစ်လာသည့် မုန်တိုင်းများ၏ ရွေ့လျားရာလမ်းကြောင်းများအရ မြန်မာပြည် အထက်ပိုင်း၊ အလယ်ပိုင်း၊ အောက်ပိုင်းတို့တွင် နေရာကွက်ပြီး မိုးသည်းထန်နိုင်ကြောင်း မိုးလေဝသ လေ့လာသုံးသပ်သူ ဦးဝင်းနိုင်က ယနေ့တွင် သုံးသပ်ဖော်ပြသည် ။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM – NUG) ကလည်း ကဂျိကိ မုန်တိုင်းက လွင့်စင်လာသည့် ကြွင်းကျန်တိမ်တိုက်များကြောင့် လာမည့် သီတင်းပတ်အတွင်း မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် မိုးထစ်ချုန်းရွာနိုင်ကြောင်း ခန့်မှန်ထားသည်။
စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်း၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ရှမ်း၊ ကရင်၊ ကရင်နီ၊ ရခိုင်နှင့် မွန်တို့တွင် နေရာကွက်၍ မိုးကြီးခြင်းကြောင့် မြေပြိုခြင်း၊ တောင်ပြိုခြင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ကမ်းပါးပြိုခြင်းများ၊ နေရာကွက်၍ ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် အထူးသတိပြု နေထိုင်သင့်ကြောင့် MOHADM – NUG က သတိပေးထားသည် ။
ပြီးခဲ့သည့်သီတင်းပတ်ကလည်း ထားဝယ် ၊ မြိတ် ၊ ကော့သောင်း ခရိုင်သုံးခုစလုံးတွင် မိုးရွာသွန်းမှု ရှိခဲ့ပြီး ထားဝယ်ခရိုင် တွင် မိုးပိုခဲ့ကာ မြို့ပေါ်ရပ်ကွက်အချို့တွင် ကားလမ်းမပေါ် ရေလျှံခဲ့ကြောင်း မြို့ခံများထံမှသိရသည် ။