တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း ကဂျီကီကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်း၊ တောင်ပိုင်းခရိုင်များတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်နိုင်ကြောင်း ထိုင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဌာန (DDPM) က သတိပေးထားသည်။
ဩဂုတ်လ ၂၅ ရက်မှ ၂၇ ရက်အတွင်း မုန်တိုင်းအရှိန်ကြောင့် ခရိုင် ၄၀ ကျော်တွင် မိုးသည်းစွာရွာသွန်းပြီး လေပြင်းတိုက်ခတ်နိုင်ကြောင်း သတိပေးထားသည်။
အထူးသဖြင့် ချင်းမိုင်၊ ချင်းရိုင်၊ နန်း၊ နခွန်ပနွန်၊ အမ်နန်ချလွန်၊ နခွန်နယွတ်၊ ချတ်ထဘူရီ၊ တရတ်၊ ဖန်ငါး၊ ဖူးခက်ခရိုင်များတွင် မိုးကြီး ရေလျှံနိုင်ပြီး မြေများ အိမ်များ ရေတိုက်စားနိုင်ကြောင်း ဆိုသည်။
ထို့အပြင် ဖစ်စနူလို့၊ အန်ထောင်၊ အယုဒ္ဓယခရိုင်များတွင်လည်း ကျောက်ဖရားမြစ်ရေမြင့်တက်မှုကြောင့် ရေကြီး ရေလျှံနိုင်ကြောင်း သတိပေးထားသည်။
ထိုင်းနိုင်ငံအလယ်ပိုင်းနှင့် တောင်ပိုင်းခရိုင်များတွင်လည်း မိုးရွာသွန်းမှုများနိုင်သလို လှိုင်းကြီးနိုင်ကြောင်း ဆိုသည်။
တိုင်ဖွန်းမုန်တိုင်း ကဂျီကီသည် တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေပြီး ဗီယက်နမ်နိုင်ငံမြောက်ပိုင်းသို့ ယနေ့ ဩဂုတ်လ ၂၅ ရက်တွင် ဝင်ရောက်နိုင်ကြောင်း ခန့်မှန်းထားသည်။
ဩဂုတ်လ ၂၆ ရက်နေ့တွင် လာအိုနိုင်ငံသို့ ထပ်မံဝင်ရောက်နိုင်ပြီး အားပျော့သွားကာ မုန်တိုင်းငယ်အဆင့်သို့ ပြောင်းသွားနိုင်ကြောင်း ခန့်မှန်းထားသည်။
ထို့နောက် မုန်တိုင်းသည် ပိုမိုအားပျော့သွားကာ လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ပြောင်းလဲသွားပြီး ဩဂုတ် ၂၆ ရက် ညနေပိုင်းတွင် ထိုင်းနိုင်ငံသို့ ဝင်ရောက်မည်ဟု ခန့်မှန်းထားသည်။
လက်ရှိတွင် တိုင်ဖွန်းမုန်တိုင်းကြီးကြောင့် ဗီယက်နမ်နိုင်ငံတွင် လူပေါင်း ခြောက်သိန်းနီးပါးကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးနေပြီဖြစ်ကြောင်း နိုင်ငံတကာသတင်းဌာနများတွင် ဖော်ပြသည်။
တိုင်ဖွန်းမုန်တိုင်း ကဂျီကီသည် တစ်နာရီ မိုင် ၁၀၀ ကျော်နှုန်းအထိ တိုက်ခတ်နိုင်ပြီး ဗီယက်နမ်နိုင်ငံထဲသို့ တစ်နာရီ ၆၈ မိုင်နှုန်းဖြင့် ဝင်ရောက်နိုင်ကြောင်း ခန့်မှန်းထားသည်။
Ref: The Nation Thailand, REUTERS, CNN