BREAKING
October 19, 2025

လေပြင်းကြောင့် မွန်တွင် အမျိုးသမီးသုံးဦး ဒဏ်ရာရ၊ နေအိမ် သုံးရာကျော် ထိခိုက်ပျက်စီး

July 25, 2025

မွန်ပြည်နယ် မြို့နယ်ငါးခုတွင် လေပြင်းတိုက်ခတ်မှုကြောင့် အမျိုးသမီးသုံးဦးဒဏ်ရာရရှိပြီး နေအိမ်အလုံး သုံးရာကျော် ထိခိုက်ပျက်စီးကြောင်း ဒေသခံများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

ယနေ့ ဇူလိုင်လ ၂၅ ရက် နံနက်ပိုင်းက ရေးမြို့နယ်၊ ဇီးဖြူသောင်စံပြကျေးရွာ၊ ဆိပ်ကမ်းသာရပ်ကွက်တွင် လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်အချို့ ပြိုကျခြင်း၊ အမိုးလန်ခြင်းများ ဖြစ်ပွားကြောင်း ၎င်းတို့ထံမှ သိရသည်။

ယမန်နေ့ ဇူလိုင်လ ၂၄ရက် နံနက်ပိုင်းကလည်း ပေါင်မြို့၊ မိုးနိုင်းရပ်ကွက် ကရင်စုပိုင်းနှင့် ပေါင်းရပ်ကွက် ထားဝယ်စုပိုင်းတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် သက်ကြီးပိုင်းအမျိုးသမီးတစ်ဦး ဒဏ်ရာရပြီး နေအိမ်အလုံး တစ်ရာ နီးပါးလည်း ထိခိုက်ပျက်စီးကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ နံနက်ပိုင်းတွင်ပင် သထုံမြို့နယ်၊ နောက်ကုလားကျေးရွာအုပ်စုနှင့် ကျိုက်ထိုမြို့နယ်၊ မလော့ချောင်ကျေးရွာ အလယ်ပိုင်းနှင့် ကျွဲတဲအုပ်စုတို့တွင်လည်း လေပြင်းတိုက်ခတ်မှုများကြောင့် နေအိမ်အလုံး ၅၀ခန့် ထိခိုက်ပျက်စီးကြောင်း ဒေသခံများထံမှ သိရသည်။

ဇူလိုင်လ ၂၃ရက် ညနေပိုင်းတွင်လည်း မုဒုံမြို့နယ်၊ ကမာဝက်မြို့ သိမ်ကုန်းရပ်ကွက်နှင့် စိန်တောင်ရပ်ကွက်တို့တွင် လေပြင်း တိုက်ခတ်ပြီး နေအိမ်အလုံး ၅၀ ခန့် ပြိုကျခြင်း၊ အမိုးလန်ခြင်းများ ဖြစ်ပွားကြောင်း ဒေသခံများက ဆိုသည်။

“လေပြင်းက နေရာအတော်များများကို တိုက်ခတ်သွားတာ။ ရေး၊ သံဖြူဇရပ်၊ မုဒုံ ကမာဝက်၊ နောက် ဒီဘက်ဆို ပေါင်၊ သထုံ အကုန်ထိတာ အများဆုံးထိတာက ပေါင်ပေါ့။ ပေါင်ကတော့ တော်တော်ဆိုးဆိုးဝါးဝါးပဲ။ ဒီမနက်ဆိုရင်လည်း ရေး၊ ဇီးဖြူတောင်ဘက် တိုက်ပြန်တယ်။ သုံး၊ လေး ရက်ရှိပြီ၊ ဆက်တိုက်ကို တိုက်ခတ်သွားတာ” ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် တစ်ဦးက ပြောသည်။

ဇူလိုင် ၂၃ ရက်တွင် သံဖြူဇရပ်မြို့ အောင်ကုသိုလ်ရပ်ကွက်၊ သံဖြူဇရပ်မြို့နယ် ဝယ်ကဝါကျေးရွာတွင် လေပြင်း တိုက်ခတ် မှုကြောင့် အမျိုးသမီးနှစ်ဦး ဒဏ်ရာရပြီး နေအိမ်အလုံး ၃၀ နီးပါးလည်း ထိခိုက်ပျက်စီးကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ ရေးမြို့နယ်၊ ဖာလိန်ဒေ အံဒင်၊ ငါးမျှားစခန်းကျေးရွာဘက်နှင့် နှစ်ကရင်ကျေးရွာဘက်တွင် ဇူလိုင်လ ၂၂ရက်မှ ၂၄ ရက်အထိ သုံးရက်ဆက်တိုက် လေပြင်းတိုက်ခတ်ပြီး နေအိမ်အလုံး ၅၀ ကျော် ထိခိုက်ပျက်စီးကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

“အိမ်တစ်လုံးလုံး ပြိုကျသွားတာတော့ မရှိပေမယ့် ခေါင်မိုးတစ်ခုလုံး ပါသွားတာတို့၊ သွပ်တွေ ကွာကုန်တာတို့၊ အိမ်ပေါ် သစ်ပင်လဲကျ ပိသွားတာတို့ပေါ့ တော်တော်ဆိုးပါတယ်။ လူတွေမထိတာတော့ ကံကောင်းတယ် ပြောရမယ်” ဟု ရေးမြို့နယ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ပြည်နယ်အတွင်းက ဒေသခံပြည်သူ ငါးရာကျော် လေဘေးသင့်နေပြီး အများစုသည် နီးစပ်ရာ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

လေဘေးသင့်သူအချို့မှာ နီးစပ်ရာ ဆွေမျိုး၊ မိတ်ဆွေများ၏ နေအိမ်များတွင် ခိုလှုံနေကြရကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။

မွန်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းနေသည့်အပြင် လေးပြင်းတိုက်ခတ်မှုလည်း နေ့စဉ် ဖြစ်ပွားနေသည်။

မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ချက်အရ မွန်အပါအဝင် တိုင်းနှင့် ပြည်နယ်အများစုတွင် ဇူလိုင်လ ၂၄ ရက်မှ ၂၈ ရက်နေ့အတွင်း နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးကြောင်း သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းဖြစ်ပေါ်နိုင်ကြောင်းလည်း ဆိုသည်။

ထို့ကြောင့် ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင် ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုပြီး ရှောင်ရှားကြရန်လည်း မိုးဇလက သတိပေးထားသည်။