မွန်ပြည်နယ်၊ ရေးမြို့နယ်၊ စံပြကျေးရွာတွင် ယနေ့ ဇွန်လ ၂၅ ရက် နံနက်ပိုင်းက အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ နံနက် ၇ နာရီခွဲခန့်က စံပြကျေးရွာနေ အသက် ၆၄ နှစ်အရွယ် အမျိုးသားတစ်ဦးသည် နေအိမ်တွင်ရှိနေချိန် အမည်မသိ သေနတ်သမားနှစ်ဦးတို့က ဆိုင်ကယ်ဖြင့် လာရောက် ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ဦးခေါင်း၊ ရင်ဘတ်တို့တွင် ကျည်ထိန်မှန် ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးခဲ့ကြောင်း ဒေသခံများက ဆိုသည်။
“သေနတ်သမားက အိမ်ထဲမှာ ဝင်ပစ်သွားတယ်။ အခု ရွာထဲမှာ (စစ်ကောင်စီ) စစ်သားတွေ စစ်ဆေးနေတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
ပစ်သတ်ခံရသည့် အမျိုးသားသည် ဒေသထွက် အသီးအနှံများကို အရောင်းအဝယ်ပြုလုပ်နေသူဖြစ်ပြီး မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်ခံရသည်ကိုမူ မသိရှိသေးကြောင်း ၎င်းက ဆိုသည်။
ပစ်သတ်ခံရသည့် အမျိုးသား၏ ရုပ်အလောင်းကို လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များ၏ အကူအညီဖြင့် လမိုင်းဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ အမျိုးသား ပစ်သတ်ခံရပြီးနောက် ကျေးရွာအတွင်း စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ပ်ထားပြီး သေနတ်သမားကို ပိုက်စိပ်တိုက်ရှာဖွေနေကြောင်း ဒေသခံများထံမှ သိရသည်။