မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်အချို့တွင် တရားမဝင် စက်သုံးဆီ ရောင်းချနေသည်ဆိုကာ ဆီလုပ်ငန်းရှင်များကို စစ်အာဏာရှင်တပ်က ဖမ်းဆီးအရေးယူမှုများ ဆက်တိုက် လုပ်ဆောင်လာသည်။
စက်သုံးဆီ အခက်အခဲဖြစ်ပြီးနောက် ဆီကို ပုံး၊ပီပါဖြင့် ရောင်းချခြင်း လုံးဝ မပြုလုပ်ရန်၊ စျေးနှုန်း မြှင့်တင်ရောင်းချမှု လုံးဝမပြုလုပ်ရန် ပြည်နယ် ရေနံထွက်ပစ္စည်းကြီးကြပ် စစ်ဆေးရေး ဦးစီးဌာနက ညွှန်ကြားထားပြီးနောက် လိုက်နာမှု ရှိ၊ မရှိကို ရှောင်တခင် စစ်ဆေးလျက်ရှိကြောင်း စျေးကွက်အတွင်းမှသိရသည်။
လက်ရှိတွင် မိဘမေတ္တာ၊ စွမ်းမြန်မာ၊ ရာဇာမင်း၊ KS၊ မင်းသန့် အစရှိသည့် စက်သုံးဆီအရောင်းဆိုင်များက ပုံး၊ ပီပါဖြင့် စက်သုံးဆီများ ရောင်းချမှုနှင့် ကရင်ပြည်နယ်ဘက်သို့ စက်သုံးဆီတင်ပို့မှုများ တရားမဝင် ပြုလုပ်နေသည်ဆိုကာ ယင်းဆိုင်များမှ စက်သုံးဆီလုပ်ငန်းရှင်များနှင့် အရောင်းဆိုင် မန်နေဂျာများကို စစ်တပ်က ဖမ်းဆီးသွားခြင်းဖြစ်သည်။
“သူတို့ ညွှန်ကြားချက်ထုတ်ထားတာရှိတယ်။ အဲဒါကို မလိုက်နာလို့ဖြစ်မယ်လေ။ တချို့ဆိုင်တွေကလည်း တန်းစီပြီး ဝယ်တာမရတာ။ ညညဆို ပုံးနဲ့ ခိုးရောင်းနေတာမျိုးလည်း ရှိတယ်။ ရာဇာမင်းဆိုရင် ကရင်ဘက်ကို ဆီးဖြန့်လို့တော့ ကြားတာပဲ” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။
မော်လမြိုင်မြို့တွင် စက်သုံးဆီဆိုင်အရေအတွက် ၂၀ ဆိုင်ရှိပြီး စက်သုံးဆီ ပြတ်လပ်နေသည်ဆိုပြီး အရောင်းပိတ်ထားသည့် ဆိုင်အချို့လည်း ရှိနေသည်ဟု မြို့ခံတို့ထံမှ သိရသည်။
လက်ရှိတွင် မွန်ပြည်နယ်အတွင်း စက်သုံးဆီကို အကန့်အသတ်ဖြင့်သာ ဝယ်ယူနေရသည့်အတွက် ဆီအရောင်းဆိုင်များတွင် နာရီပေါင်းများစွာ တန်းစီစောင့်ဆိုင်းနေကြရသည့်အပြင် အချို့ကလည်း ညအိပ်တန်းစီသူများလည်း ရှိနေသည်။
“ဆီအခက်အခဲက တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာတယ်။ မနက် ၃ (နာရီ) လောက် တန်းစီရင် မနက် ၁၀ နာရီလောက် ရတာ ကံကောင်း။ တချို့ကားတွေဆို ညအိပ်ပြီး တန်းစီကြတယ်။ ဆီတန်းစီရတဲ့ရက်ဆို တစ်နေကုန်ပဲ ဘာမှ အလုပ်မဖြစ်ဘူး။ ရတာကလည်း တစ်လီတာလောက်နဲ့” ဟု ဆိုင်ကယ်ဖြင့် ဆီတန်းစီဝယ်ယူနေရသူတစ်ဦးက ပြောသည်။
လက်ရှိတွင် ဖမ်ဆီးခံထားရသည့် စက်သုံးဆီလုပ်ငန်းရှင်များနှင့် အရောင်းဆိုင် မန်နေဂျာများကို သက်ဆိုင်ရာ နယ်မြေရဲစခန်းတွင် ရေနံနှင့် ရေနံထွက်ပစ္စည်းများဆိုင်ရာ ဥပဒေပုဒ်မ ၃၉ (က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း စစ်ကော်မရှင် လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် နီးစပ်သူတို့ထံမှ သိရသည်။
ရေနံနှင့် ရေနံထွက်ပစ္စည်းများဆိုင်ရာ ဥပဒေပုဒ်မ ၃၉ (က) အရ ပြစ်မှုထင်ရှားပါက အနည်းဆုံး ငွေဒဏ် ကျပ် ၅ သိန်းမှ ကျပ်သိန်း ၅၀ ဖြစ်စေ၊ ၆ လထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်သည်ဟု ပြဌာန်းထားသည်။







