ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်ရှိ လုပ်ငန်းခွင်တစ်ခုတွင် မြန်မာနိုင်ငံသားအချင်းချင်း စကားများ ရန်ဖြစ်နေစဉ် ဝင်ရောက်ဖျန်ဖြေပေးခဲ့သည့် ထိုင်းနိုင်ငံသားတစ်ဦး ဓားထိုးခံရပြီး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ဒီဇင်ဘာလ ၂၃ ရက် ည ၉ နာရီခန့်က ဖန်ထောဒေသရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲ အလုပ်ကအပြန် ထမင်းဘူးဝေစဉ် မလောက်ငှသဖြင့် လုကြရာမှ မြန်မာနိုင်ငံသားနှစ်ဦး အချင်းချင်း စကားများ ရန်ဖြစ်ခဲ့ကြကြောင်း မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်ကို ဖော်ပြသည်။
မြန်မာအချင်းချင်း ရန်ဖြစ်နေသည်ကို ထိုင်းနိုင်ငံသား လုံခြုံရေး အမျိုးသားက ဝင်တားပြီး ဖျန်ဖြေပေးစဉ် ရန်ဖြစ်နေသော မြန်မာနိုင်ငံသားတစ်ဦးက ဓားဖြင့် ဝင်ထိုးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။
ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာစဉ် ထိုင်းနိုင်ငံသား လုံခြုံရေးအမျိုးသား၏ ဝမ်းဗိုက်နှင့် ရင်ဘတ်တို့တွင် ဓားဒဏ်ရာ ငါးချက် ပြင်းပြင်းထန်ထန် ရရှိထားသဖြင့် အရေးပေါ်အသက်ကယ်နည်း CPR ပြုလုပ်ပေးခဲ့သော်လည်း သေဆုံးသွားကြောင်း ဖော်ပြသည်။
ရန်ဖြစ်ခဲ့သော မြန်မာနိုင်ငံသား အခြားတစ်ဦး၏ ဗိုက်တွင် ဓားဒဏ်ရာ သုံးချက် အပြင်းအထန်ရရှိထားသဖြင့် ရှေးဦးကုသပေးခဲ့ပြီး ဖန်ထောဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ကြောင်း ဆိုသည်။
လက်ရှိတွင် ဓားဖြင့် ထိုးခဲ့သော မြန်မာနိုင်ငံသားသည် ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သဖြင့် ရဲတပ်ဖွဲ့က ရှာဖွေနေကြောင်း သတင်းများတွင် ဖော်ပြသည်။
Ref: Khaosod, Bright TV







