BREAKING
October 24, 2025

စစ်ရေးအခြေအနေကြောင့် မွန်ဒေသအချို့တွင် ရော်ဘာလုပ်ငန်း မလုပ်ကိုင်နိုင်

October 24, 2025

ပုံစာ - ရေး-သံဖြူဇရပ်လမ်း တော်လှန်ရေးတပ်ဖွဲ့များ စစ်ရေးလှုပ်ရှာနေစဉ်။ ဓာတ်ပုံ - NMSP - AD

မွန်ပြည်နယ်၊ မြို့နယ်အချို့တို့တွင် စစ်ရေးပဋိပက္ခ ပြင်းထန်နေသည့်အတွက် ရော်ဘာထုတ်လုပ်ရာသီ ရောက်သော်လည်း လုပ်ငန်းများလုပ်ကိုင်နိုင်ခြင်းမရှိဟု ရော်ဘာလုပ်ငန်းရှင်တို့ထံမှ သိရသည်။

တော်လှန်ရေးအင်အားစုများ အားကောင်းပြီး စစ်ရေးပြင်းထန်သည့် ရေး၊ သံဖြူဇရပ်၊ မုဒုံ၊ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင်ဘက်တွင် တိုက်ပွဲမကြာခဏဖြစ်ပွားနေသည့်အပြင် စစ်အာဏာရှင်တပ် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာနေသည်လည်း ရှိသည်။

ဒေသတွင်း ဝင်ရောက်လာသည့် စစ်ကြောင်းများသည် ဒေသခံများ လုပ်ကိုင်စားသောက်နေကြသည့် ရော်ဘာခြံများအတွင်း ဝင်ရောက် တပ်စွဲထားသလို အချို့ကလည်း ရော်ဘာခြံထဲတွင် ကင်းပုန်းဝပ်ပြီး နေနေကြသည်လည်း ရှိသည်ဟု မုဒုံမြို့နယ်အတွင်းက ရော်ဘာခြံပိုင်ရှင်တစ်ဦးက ပြောသည်။

“ရွာတွေမှာ စစ်ကြောင်းတွေ လာလာချထားတာရှိတယ်။ သူတို့က တောထဲထိတော့ မဝင်ရဲကြဘူး။ ကားလမ်းဘေးက ရော်ဘာခြံတွေထဲမှာ ဝင်နေနေကြတယ်။ အဲလိုမျိုး နေနေတော့ ဘယ်သူမှလည်း တောထဲ မသွားရဲဘူး။ ရော်ဘာအစေး သွားမခြစ်ရဲဘူး” ဟု မုဒုံဒေသခံတစ်ဦးက ပြောသည်။

စစ်အာဏာရှင်တပ်များ တည်ရှိနေသည့်အတွက် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်နေကြသည့်အပြင် ဖမ်းဆီးခံရမည်ကိုလည်း စိုးရိမ်နေကြသည်ဟု ဆိုသည်။

အလားတူ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာနေသဖြင့် ရေးမြို့နယ်အတွင်း၌လည်း ဒေသခံပြည်သူများ ရော်ဘာခြံ၊ ဥယျာဉ်ခြံ မသွားရဲကြပဲ လုပ်ငန်းများ ရပ်နားထားရသည်။

“စစ်ကြောင်းတွေ ဝင်လာရင် ခြံမှာ သွားနေနေတဲ့လူတွေလည်း မနေရဲဘူး အကုန်ပြန်လာကြတယ်။ မနေရဲဘူးလေ တွေ့ရင် ဖမ်းသွားနိုင်တယ်။ သေနတ်နဲ့လည်း ပစ်သွားနိုင်တယ်။ အဲလိုမျိုး သူတို့ ဝင်လာပြီးဆိုရင် ခြံထဲ ဘယ်သူမှ မသွားရဲကြဘူး။ ရော်ဘာမခြစ်ရဘူး။” ဟု ရေးဒေသခံတစ်ဦးက ပြောသည်။

ယခုလို ရော်ဘာအထွက်များသည့် သီတင်းကျွတ်ကာလတွင် ရော်ဘာကောင်းကောင်း မထုတ်လုပ်နိုင်သည့် အခြေအနေကြောင့် ရော်ဘာတောင်သူများအတွက် အခက်အခဲကြုံတွေ့ရသည်ဟု ရော်ဘာခြံရှင်တို့က ပြောသည်။

မွန်ပြည်နယ်တွင် ရော်ဘာကို အဓိက စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်နေကြပြီး စစ်ရေးပဋိပက္ခကြောင့် ရော်ဘာလုပ်ငန်း ကောင်းကောင်းမလုပ်ကိုင်နိုင်သည့်အတွက် ရော်ဘာအထွက်နှုန်းလည်း လျော့ကျသွားနိုင်သည်ဟု ရော်ဘာရောင်းဝယ်သူတို့က ပြောသည်။

လက်ရှိတွင် ရွေးကောက်ပွဲ လုံခြုံရေးအကြောင်းပြချက်ဖြင့် စစ်အာဏာရှင်က တပ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသည့်အတွက် လက်ရှိထက် စစ်ရေးပဋိပက္ခများ ပိုပြင်းထန်လာနိုင်သည်ဟု စစ်ရေးအခြေအနေ စောင့်ကြည့်နေသူတို့က သုံးသပ်ပြောဆိုသည်။