ထိုင်း-မြန်မာနယ်စပ် ရနောင်းမြို့မှ ကော့သောင်းမြို့သို့ ဆိုင်ကယ်များကို လှေဖြင့် မှောင်ခိုပို့ဆောင်နေသည် ဆိုပြီး မြန်မာနိုင်ငံသား ခြောက်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းတပ်မတော်၊ အမှတ် ၂၅ ခြေမြန်တပ်ရင်းက ထုတ်ပြန်သည်။
အကောက်ခွန်ဌာနကို အကြောင်းကြားခြင်းမရှိဘဲ ဆိုင်ကယ်များကို ရနောင်းမှ ကော့သောင်းသို့ မှောင်ခိုပို့နေသည်ဟု သတင်းရရှိသဖြင့် အာဏာပိုင်များက အောက်တိုဘာလ ၂၃ ရက် ညတွင် ရနောင်းမြို့ ပါနမ်းဒေသို့ ရှောင်တခင် စစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။
ထိုစဉ် ဆိုင်ကယ်များကို ငါးဖမ်းလှေဖြင့် တဖက်ကမ်းသို့ ပို့ဆောင်ရန် စီစဉ်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဆိုသည်။
လှေတွင် ဆားအိတ်များနှင့်အတူ တင်ဆောင်ထားသည် လိုင်စင်မဲ့ ဆိုင်ကယ်သုံးစီးကို တွေ့ရပြီး လှေဦးစီးဖြစ်သော ကိုကျော်မျိုးသူ အပါအဝင် လှေလုပ်သား ခြောက်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။








အနီးတွင် နောက်ထပ် ဆိုင်ကယ်နှစ်စီးကို တွေ့ရသဖြင့် ထပ်မံသိမ်းဆည်းခဲ့ပြီး ဆိုင်ကယ်များသည် အကောက်ခွန်ဌာနသို့ အကြောင်းကြားထားခြင်း မရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။
ဆိုင်ကယ်များကို မြိတ်သို့ ပို့ဆောင်ပေးရမည်ဖြစ်ပြီး တစ်စီးလျှင် ဘတ် ၂၀၀၀ ခန့် ရရှိမည်ဖြစ်သည်ဟု လှေဦးစီးက ထွက်ဆိုကြောင်း ဖော်ပြသည်။
လက်ရှိတွင် ဖမ်းဆီးခံရသူများကို ပါနမ်းရဲစခန်းသို့ ပို့ဆောင်ထားပြီး ဥပဒေအရ ဆက်လက်အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
Ref: Top News







