ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရေး ကုန်းပေါ်ရွာသစ်တွင် အုတ်တံတိုင်းပြိုကျပြီး ကျောင်းသားသုံးဦးသေဆုံး၊ လေးဦးဒဏ်ရာရ

September 24, 2025

ပုံစာ- ကုန်းပေါ်သစ်ရွာ အုတ်တံတိုင်းပြိုကျမှုအား ကူညီကယ်ဆယ်ရေး ပြုလုပ်နေစဥ် ။ ဓာတ်ပုံ - ရွှေဟင်္သာလူမှုကယ်ဆယ်ရေးအသင်း ။

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအုပ်စု ကုန်းပေါ်ရွာသစ်တွင် ဘောလုံးပွဲကျင်းပနေစဉ် အုတ်တံတိုင်းပြိုကျပြီး ကျောင်းသား သုံးဦးသေဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာရကြောင်း ‌ဒေသခံများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

ယနေ့ စက်တင်ဘာလ ၂၄ ရက် ညနေ ၃ နာရီဝန်းကျင်က ကုန်းပေါ်ရွာသစ် ဘောလုံးကွင်းတွင် ဘောလုံးကျင်းပနေစဉ် ဘောလုံးကွင်းနံဘေးရှိ ဘုန်းကြီးကျောင်း အုတ်တံတိုင်းပြိုကျခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

အုတ်တံတိုင်းပိမိပြီး သေဆုံးသူများသည် အသက် ၁၀ ကျော်အရွယ် ကျောင်းသားများ ဖြစ်ကြကြောင်း ကူညီကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူများကဆိုသည်။

“အုတ်တံတိုင်းအပေါ်မှာ ကြည့်နေသူတွေက ပြိုကျတော့ ပြေးလွတ်သွားတယ်။ အောက်မှာ ကစားနေတဲ့ ကလေးတွေနဲ့ ရှိနေသူတွေ ဖိမိတာ။ သေတဲ့ကလေးတွေက ခေါင်းဖိမိသွားကြတယ်။ ဒဏ်ရာရတဲ့အထဲမှာ ပြင်းထန်တဲ့ နှစ်ယောက်ကတော့ မော်လမြိုင်ဆေးရုံ ပို့ထားတယ်” ဟု ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သည့် လူမှုကယ်ဆယ်ရေး အသင်းတစ်ခုမှ အဖွဲ့ဝင်တစ်ဦး က ပြောသည်။

ပြိုကျသည့် အုတ်တံတိုင်းသည် ဘောလုံးကွင်းနံဘေး ကုန်းပေါ်ရှိ ဘုန်းကြီးကျောင်းနှင့်ကပ်လျက် မြေသားနံရံကို ကွန်ကရစ် ဖြင့် ဆောက်လုပ်ခြင်းဖြစ်ပြီး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြေကျွံကျကာ ပြိုကျခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ဒဏ်ရာရသူ အခြားနှစ်ဦးမှာ လမိုင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူနေရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်အချို့ထံမှ သိရသည်။

သေဆုံးသူများနှင့် ဒဏ်ရာရသူများကို ရေးအခြေစိုက် ပရဟိတအသင်းများက ရှာဖွေကယ်ဆယ်ရေး ပြုလုပ်၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြသည်။

ရေးမြို့နယ်၌ ယနေ့ စက်တင်ဘာလ ၂၄ ရက်တွင် မိုးရေချိန် ၁၀ ဒသမ ၃၉ လက်မ ရရှိကာ မိုးရေချိန် အများဆုံး ရွာသွန်းခဲ့သည့်မြို့နယ် ဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။

ဖိလစ်ပိုင်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း ရာဂါဆာ၏ အရှိန်ကြောင့် စက်တင်ဘာလ ၂၆ ရက်အထိ မြန်မာနိုင်ငံတဝန်း မိုးရွာသွန်းမှုဆက်ရှိနေကာ နေရာကွက်၍ မိုးကြီးမည်ဖြစ်ပြီး လျှပ်တစ်ပြတ် ရေကြီးခြင်း နှင့် မြေပြိုခြင်းများကို သတိထားရန် မိုးဇလက တိုက်တွန်းထားသည်။