မွန်ပြည်နယ်၊ ရေးမြို့ပေါ်က ရွှေလင်းယုန် ရွှေဆိုင်ပိုင်ရှင်နေအိမ် ဖောက်ထွင်းခံရပြီး ရွှေထည်ပစ္စည်း ခိုးယူခံရကြောင်း မြို့ခံတို့ထံမှ သိရသည်။
ရေးမြို့ ရန်မျိုးအောင်ရပ်ကွက်ရှိ အဆိုပါ ရွှေဆိုင်ပိုင်ရှင်နေအိမ်သည် ယမန်နေ့ စက်တင်ဘာလ ၂၃ ရက် နံနက်အစောပိုင်းတွင် ဖောက်ထွင်းခံရခြင်းဖြစ်ကြောင်း မြို့ခံများက ဆိုသည်။
မိုးကြီးနေချိန်တွင် သူခိုးက နေအိမ်ခေါင်မိုးကို ဖောက်ပြီး ဝင်ခိုးသွားခြင်း ဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။
“အဲဒီညက မိုးကလည်း ကြီးတယ်လေ။ မနက် ၂ နာရီဝန်းကျင်လောက်လို့ ပြောတယ်။ သူခိုးက အိမ်ခေါင်မိုးကို ဖောက်ပြီး ဝင်တာ။ ရွှေတွေ တော်တော်များတယ်ပါသွားတာက” ဟု ၎င်းက ဆိုသည်။
ရွှေထည်တန်ဖိုးမှာ ကျပ်သိန်းထောင်ဂဏန်းရှိသည်ဟု သတင်ကြားသိရကြောင်းမြို့ခံများက ပြောဆိုကြသည်။
နေအိမ်ဖောက်ထွင်းခံရမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး အိမ်ရှင်က သက်ဆိုင်ရာကို တိုင်ကြားထားပြီး သူခိုးကိုမူ ဖမ်းဆီးရမိနိုင်ခြင်း မရှိသေးကြောင်း မြို့ခံများထံမှ သိရသည်။
ရေးမြို့ပေါ်တွင် ယခုရက်ပိုင်းအတွင်း နေအိမ်ဖောက်ထွင်းခံရခြင်း၊ စျေးဆိုင်ဖောက်ထွင်းခံရခြင်းများ ဆက်တိုက်ဖြစ်ပွား နေပြီး အခြေအနေ ပိုမိုဆိုးရွားလာကြောင်း မြို့ခံများက ပြောဆိုသည်။
“သူခိုးတွေက တော်တော်ကို သောင်းကျန်းလာတယ်။ ဆိုင်တွေဆိုရင်လည်း ဖောက်ပြီးဝင်ခိုးတာ။ အခုက အိမ်မှာနေလည်း မလုံခြုံတော့ဘူး” ဟု မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်ကလည်း မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက်၊ တက္ကသိုလ်ပတ်လမ်းက နေအိမ်တစ်အိမ်ကို ဓါးပြဝင်တိုက်သွားသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မော်လမြိုင်မြို့အပါအဝင် ပြည်နယ်အတွင်းရှိ မုဒုံ၊ ရေး အစရှိသည့် မြို့တို့တွင် ရွှေဆိုင် ဓားပြတိုက်မှု၊ လုယက်မှု၊ ခြိမ်းခြောက်ငွေတောင်းသည့်ဖြစ်စဉ်များအပြင် ခိုးမှု၊ လုယက်မှု၊ အနုကြမ်းစီးမှုများနှင့် လုယက်ပြီး လူသတ်သည့် ဖြစ်စဉ်များ မကြာခဏဖြစ်ပွားနေသည်။
အဆိုပါဖြစ်စဉ်များတွင် စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့တို့က ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိသလောက်နည်းကြောင်း ဒေသခံများထံမှ သိရသည်။







