စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် အဓမ္မစစ်သားစုဆောင်းနေချိန် ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၁၄၀ ဦးကို စက်တင်ဘာလ ၂၃ ရက်နေ့တွင် ကော့သောင်းဘက်သို့ နောက်တစ်ကြိမ် ထပ်မံလွှဲပြောင်းပေးလိုက်ကြောင်း ရနောင်းခရိုင် ပြန်ကြားရေးရုံးက ထုတ်ပြန်သည်။
စက်တင်ဘာလ ၅ ရက်နေ့က မြန်မာနိုင်ငံသား ၁၅၂ ဦးကို နေရပ်ပြန်ပို့ခဲ့ပြီးနောက် ယခုလအတွင်း ဒုတိယအကြိမ် မြန်မာနိုင်ငံသားများကို နေရပ်ပြန်ပို့ခြင်းဖြစ်သည်။
စက်တင်ဘာ ၂၃ ရက် နေ့လယ် ၁၁ နာရီခွဲက ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသား ၁၄၀ ဦးကို ကော့သောင်းမြို့သို့ ထပ်မံလွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
ယခုနေရပ်ပြန်ပို့မှုသည် ၂၀၂၅ ခုနှစ်အတွင်း ၁၁ ကြိမ်မြောက် ဖြစ်ပြီး ယခုနှစ်အတွင်း နေရပ်ပြန်ပို့ခံရသူ ၁၆၇၀ ဦး ရှိလာပြီဖြစ်သည်။





ယခုနှစ် ဇန်နဝါရီလတွင် ၁၄၉ ဦး၊ ဖေဖော်ဝါရီလတွင် ၂၀၀ ဦး၊ မတ်လတွင် ၂၅၀ ဦး၊ ဧပြီလတွင် ၂၀၈ ဦး၊ မေလတွင် ၈၁ ဦးနှင့် ဇွန်လ ၂၅ ရက်နေ့က ၁၃၁ ဦး၊ ဇွန်လ ၃၀ ရက်နေ့က ၉၈ ဦး၊ ဇူလိုင်တွင် ၁၆၂ ဦး၊ ဩဂုတ်လတွင် ၉၉ ဦး လွှဲပြောင်းခဲ့ပြီးဖြစ်သည်။
ပြီးခဲ့သော ၂၀၂၄ ခုနှစ်အတွင်း ရနောင်းထိန်းသိမ်းရေးစခန်းမှ ကော့သောင်းသို့ ပြန်လွှဲပြောင်းပေးမှုအကြိမ်ရေ စုစုပေါင်း ၁၄ ကြိမ်အထိ ရှိခဲ့ကြောင်း မြန်မာနိုင်ငံသား ၂၀၀၅ ဦး အထိ ပြန်လည်ပို့ဆောင်ခဲ့သည်။
နေရပ်ပြန်ပို့စဉ် ရနောင်းခရိုင် လဝကအရာရှိများနှင့်အတူ ရနောင်းအခြေစိုက် မြန်မာအလုပ်သမားသံအရာရှိ ဦးမိုးဇော်လည်း တက်ရောက်ခဲ့သည်။
နေရပ်ပြန်ပို့မည့် မြန်မာနိုင်ငံသားများကို ရနောင်းဆိပ်ကမ်းမှတစ်ဆင့် ကော့သောင်းဘက်သို့ စက်လှေများဖြင့် လွှဲပြောင်းပေးခဲ့ကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီကလည်း နေရပ်ပြန်လည်ပို့ဆောင်လာသူများထဲမှ စစ်မှုထမ်းအသက်တွင် အကျုံးဝင်သူများကို ဖမ်းဆီးခေါ်ဆောင်ကာ စစ်မှုထမ်းရန် အဓမ္မခိုင်းစေမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း ပြန်လွတ်လာသော စစ်မှုထမ်း စုဆောင်းခံရသူများထံမှ သိရသည်။



