BREAKING
October 19, 2025

ကျိုက်ထိုတွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ရဟန်း သုံးပါးပျံလွန်တော်မူ၊ ငါးပါး ပြင်းထန်ဒဏ်ရာရ

August 24, 2025

ပုံစာ - လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရသည် ချမ်းမြေ့ကျေးရွာ ဘုန်းကြီးကျောင်း။ ဓာတ်ပုံ - ဒေသခံတစ်ဦး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ငှက်ပျောတောကျေးရွာအုပ်စု၊ ချမ်းမြေ့ကျေးရွာ ဘုန်းကြီးကျောင်းကို စစ်အာဏာရှင်တပ်က ယနေ့ သြဂုတ်လ ၂၄ ရက် နံနက်ပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ နံနက် ၁၀ နာရီဝန်းကျင်က ဘုန်းကြီးကျောင်းတွင် ရဟန်းရှစ်ပါး ဆွမ်းဘုန်းနေချိန်တွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက် ခံရခြင်းဖြစ်ပြီး နှစ်ပါးပျံလွန်တော်မူကာ ကျန်ခြောက်ပါး ဒဏ်ရာ အပြင်းအထန်ရကြောင်း ဒေသခံများက ဆိုသည်။

ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြသည့် ရဟန်းများကို ဆေးရုံသို့ ပို့ဆောင်စဉ် ရဟန်းတစ်ပါး ထပ်မံ ပျံလွန်တော်မူကြောင်း ဒေသခံများက ပြောဆိုသည်။

“ဘုန်းကြီးကျောင်းပေါ် တည့်တည့်ကို လေယာဉ်နဲ့ ဗုံးကြဲသွားတာ။ ဆွမ်းစားချိန်ဆိုတော့ သံဃာတော်တွေ အကုန်ထိသွားတယ်။ နှစ်ပါးကတော့ ပွဲချင်းပြီးဖြစ်သွားတယ်။ ဆေးရုံပို့ချိန်မှာ နောက်တစ်ပါး ထပ်ပြီး ပျံလွန်တော်မူသွားတယ်။ ကျန်တဲ့သံဃာတွေလည်း ဒဏ်ရာပြင်းတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းအပြင် ဘုန်းကြီးကျောင်းဆောင်လည်း ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများက ဆိုသည်။

ကျေးရွာထဲကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေသောကြောင့် ဒေသခံများ ရွာလုံးကျွတ် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်အာဏာရှင်တပ်သည် ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျေးရွာများထဲကို လေကြောင်းဖြင့် မကြာခဏ တိုက်ခိုက်နေသည့်အပြင် ဒေသတွင်း အခြေစိုက်တပ်စွဲထားသည့် တပ်ရင်း၊ တပ်စခန်းများကလည်း လက်နက်ကြီးဖြင့် နေ့တိုင်းနီးပါး ပစ်ခတ်နေကြောင်း ဒေသခံများက ပြောဆိုသည်။

ဩဂုတ်လ ၉ ရက်ကလည်း ကျိုက်ထိုမြို့နယ်၊ ပိန္နဲကုန်းကျေးရွာထဲကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ရွာသား တစ်ဦး သေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရသည့်အပြင် နေအိမ် ငါးလုံး၊ ကား သုံးစီး၊ ဆိုင်ကယ် သုံးစီး ထိခိုက်ပျက်စီးခဲ့သည်။