BREAKING
November 4, 2025

မြစ်ဖျားရေကို လှမ်းမျှော်သူတစ်ယောက်ရဲ့ အလွမ်း

June 24, 2025

“ကျွန်တော်သည် ထားဝယ်တစ်ယောက်စင်စစ်ဖြစ်၏။ထိုအဖြစ်ကိုဘယ်သောအခါမှ ကျွန်တော်မမေ့။ကျွန်တော့် ဇာတိမြေကို‌ခြေချခွင့်မကြုံသည်မှာ ဆယ်စုနှစ်သုံးခုခန့်ရှိပြီ။

ဘဝပေးအခြေအနေအရနေရာအနှံ့သွား၍လူမျိုးစုံနှင့်ထိတွေ့နေရသော်လည်း အမိဘာသာစကားကို ကျွန်တော်မမေ့ခဲ့။ကျွန်တော်တို့တွင်ကိုယ်ပိုင်ဘာသာစကားရှိသည်။

အသေအချာထပ်ပြောပါမည်။ကျွန်တော်တို့တွင် ကိုယ်ပိုင်ဘာသာစကားရှိခဲ့သည်။ရှိနေသည်။ဆက်လက်ရှိ နေဦးရန်မှာ ယနေ့အသက်ရှင်နေသော ကျွန်တော်တို့ထားဝယ်သားများ၏ ပခုံးပေါ်ရောက်နေသည့် အမျိုးပေး တာဝန်သာဖြစ်သည်။”

(မြစ်ဖျားရေကိုလှမ်းမျှော်ခြင်း – ငြိမ်းအေးအိမ်)

မျက်နှာတစ်ဖက်မှာ မော်ဒန်ဝတ္ထုတွေ ဖန်တီးနေသူတစ်ယောက်ရဲ့ ဇာတိနဲ့ ဘာသာစကားကိုချစ်ခင်စိတ်ကို ၂၀၁၃ ခုနှစ်ရဲ့ရက်စွဲတချို့မှာသိခဲ့ရဖူးသည်။

အစောပိုင်းကာလတွေတုန်းကတော့ သရဖူမဂ္ဂဇင်း(အရင်ခေတ်)မှာ မော်ဒန်စာပေအယူအဆတွေ၊ဝတ္ထုတွေနှင့် စာမျက်နှာတွေပေါ်မှာပဲသူ့စကားပြေတွေဖတ်ပြီးရင်းနှီးခဲ့တာဖြစ်သည်။

သည်တုန်းကတော့ တစ်ရပ်တည်း တစ်ဒေသသားတည်းမှန်းမသိသေးပါ။ သူနှင့်ခေတ်ပြိုင် ကျောင်းတော်ထွက် ဦးလေး တစ်ယောက်ရဲ့ စကားစပ်မှုကြောင့် ကျွန်တော်တို့ဒေသသားမှန်းစသိခဲ့တာဖြစ်သည်။

မှတ်မှတ်ရရ သူ အရှေ့မြောက်ဒေသကနေ ရန်ကုန်မှာ လာအခြေစိုက်ချိန်ဖြစ်မည်။သူ သရဖူမဂ္ဂဇင်းကိုဖန်တီးခဲ့သည်။မြန်မာစာပေ မော်ဒန်ရေစီးကြောင်းကို အားကောင်းစေခဲ့သည်။သူ့လက်ရာမော်ဒန်ဝတ္ထုတွေလည်းဖတ်ရသည်။

မြန်မာစာပေလောကအတွက် သူလမ်းကြောင်းအသစ်တစ်ခုဖောက်သည်ကို သတိထားမိကြသူများသော်လည်း ကျွန်တော်တို့ဒေသအတွက်လမ်းကြောင်းအသစ်တစ်ခုဖောက်ပေးခဲ့သည်ကိုတော့ သိသူနည်းမည်ထင်ပါသည်။ ၁၉၉၆ နှောင်းပိုင်းကာလ။

ဦးငြိမ်းအေးအဖြစ်။ ထားဝယ် _ရန်ကုန် အဝေးပြေးကားလိုင်းတစ်ခု စတင်လိုက်တာပဲဖြစ်သည်။ ကားလိုင်းအမည်က “ နှင်းပွင့်”..တဲ့။

BM ဟီးနိုးတွေနှင့် ကုန်ရောလူပါပြေးဆွဲတာဖြစ်သည်။ အဲဒီတုန်းက နှင်းပွင့်ကားဂိတ်က ဥတ္တံတားကြီးမှာ..။

ထားဝယ်- ရေး – မော်လမြိုင် – ရန်ကုန် ခရီးက တစ်ခါတစ်ရံ ၂ ရက် ၃ ရက်လောက်ကြာပါသည်။ နှင်းပွင့်နောက်မှာမှ တနင်္သာရီ ၊ ရွှေဝယ်ရတနာ၊ ရွှေလီရတနာတွေ….စသဖြင့်ပေါ်လာတာဖြစ်သည်။

နှင်းပွင့် ကားလိုင်းအကြောင်းကိုသူနှင့်ကျွန်တော် စာပေကိစ္စနှင့်ပတ်သက်၍ ရင်းနှီးပြီးနောက်ပိုင်းစပ်စုကြည့်တော့ အဲဒီခေတ်က ဒုတိယဝန်ကြီးတစ်ယောက်နဲ့ စကားအချေအတင်ဖြစ်ပြီး ကားလိုင်းကိုဖျက်လိုက်တာလို့ သူပြောပြဖူးသည်။

ဘာပဲဖြစ်ဖြစ် သူသည် ထားဝယ် -ရန်ကုန် အဝေးပြေးကို စတင်လမ်းဖွင့်ခဲ့သူလို့ မှတ်တမ်းပြုထားချင်ပါသည်။

၂၀၀၈ ခုနှစ်နောက်ပိုင်း ကျွန်တော်လူမှုကွန်ရက်သုံးတတ်လာတော့ ဆရာငြိမ်းနှင့် မိတ်ဆွေဖြစ်သွားသည်။

မိတ်ဆက်ရင်းနှင့်ရပ်ဆွေရပ်မျိုးတွေမှန်းသိပြီး သူ့သူငယ်ချင်းမိတ်ဆွေတွေအကြောင်း၊ သူ့အမျိုးတွေအကြောင်းပြောဖြစ်သည်။ စာပေအကြောင်းတော့ သိပ်ပြောလေ့ပြောထမရှိ။တစ်ခါတစ်ရံ ခေတ်ပြိုင်ထားဝယ်မြင်ကွင်းလေးတွေအကြောင်းလှမ်းမေးတတ်သည်။ ဘယ်လိုနေရာမှာ ဘယ်လိုပြောင်းလဲသွားတာ၊ ဘယ်သူတွေကတော့ သန်တုန်း မာတုန်း..စသည်ဖြင့်။

မှတ်မှတ်ရရ ..ဆရာငြိမ်းနှင့်အပြင်မှာဆုံခဲ့ရသည်က ၂၀၁၇ လောက်က ထားဝယ်ညနက်နက်အချိန်မှာပဲဖြစ်သည်။ ဆရာထားဝယ်ရောက်နေသည်က စာပေခရီးမဟုတ်ဘဲ အခြားခရီးစဉ်တစ်ခုဖြစ်သည်မို့ အားသည့်အချိန်လေးပြေးတွေ့ကြတာဖြစ်သည်။ သည်တုန်းက ခဏဖြစ်ဖြစ်တွေ့ကြရအောင်လို့ဆရာကဆိုသဖြင့် ပုံကျွန်းလမ်းထဲက သင်တန်းကျောင်းတစ်ခုမှာ ဆုံခဲ့ရတာဖြစ်သည်။

ခုမှအပြင်မှာဆုံဖူးသော်လည်းနွေးထွေးစွာ ပွေ့ဖက်ရင်း စကားတွေပြောဖြစ်ခဲ့ကြသည်။ အဲသည်စကားဝိုင်းမှာ ဆရာရဲ့ သစ္စာစောင့်သိမှုကိုလည်းကြားနာခဲ့ရတာအမှတ်တရပါပဲ။ ထားဝယ်ရဲ့ ခပ်ညနက်နက်မှာ လမ်းခွဲခဲ့ကြပြီးကတည်းက လူချင်းမဆုံဖြစ်တော့။ ၂၀၂၀ လောက်မှာ စာအုပ်တစ်အုပ်အတွက် အချက်အလက်စုဖို့ ဆရာငြိမ်း ထားဝယ်လာချိန်မှာ ကျွန်တော်က ချင်းတောင်တန်းတွေပေါ်မှာမို့ မဆုံဖြစ်။

နောက်ပိုင်း ကျွန်တော့် လူမှုကွန်ရက်မှာ ထားဝယ်နဲ့ပတ်သက်တာ၊ စာပေနဲ့ ပတ်သက်တာလေးတွေ တင်လျှင်တော့မှတ်ချက်စကားတွေမှာဆရာနှင့်ဆုံတတ်သည်။ တစ်ကြိမ်..ကျွန်တော်က၁၉၈၆ ဝန်းကျင်က ထားဝယ်သားကဗျာဆရာတွေ စုထုတ်တဲ့ကဗျာစာအုပ်လေးတစ်အုပ်မှာ ငြိမ်းနန္ဒာကျော် ဆိုတဲ့ ကဗျာဆရာအကြောင်းတင်ထားတော့ဆရာငြိမ်း က “ အဲ့ဒီ ငြိမ်းနန္ဒာကျော်ဆိုတဲ့ ကလောင်ကိုမှတ်မိနေသေးတာကိုကကြက်သီးထမိတယ်။

စာအုပ်လေးများပြန်ရရင်ရွှေပဲ။ ဘယ်သူတွေပါမှန်းတောင်ကောင်းကောင်းမမှတ်မိ။ မောင်လှိုင်းဇာတော့ပါမယ်ထင်တယ်။ သူ့အိမ်မှာလုပ်ကြတာကိုး။ နောက် ရွှေဝယ်သီရိရုပ်ရှင်ရုံကတစ်ယောက်ရယ်..” လို့ မှတ်ချက်ပေးထားဖူးသည်။

ကျွန်တော်ကတော့ ဆရာငြိမ်း မှတ်ချက်နဲ့တင်ကြည်နူးရသည်။အဲဒီကဗျာစာအုပ်လေးကိုပြန်ရှာတော့ အသိမ်းလွန်ပြီးမတွေ့တော့။(ဆရငြိမ်းပြောသည့် သူနှင့်ကဗျာရေးဖော် မောင်လှိုင်းဇာ(ထားဝယ်)(ဦးတင်မောင်စိန်- ပြည်တွင်းအခွန်)ကတော့ ဆရာငြိမ်းရှေ့ ဆုံးပါးသွားသည်မှာကြာပြီ။ ဆရငြိမ်းတို့ ခေတ်က ထားဝယ်က ခေတ်ပြိုင် ကဗျာဆရာတွေထဲမှာ တင်ကိုလတ်(ထားဝယ်) (ကိုနဂါး)ကတော့ ရှိသေးသည်။ ခုထိမော်ဒန်ဆန်တုန်း၊ ဓာတ်ပုံတွေရိုက်နေတုန်း။)

၂၀၂၁ခုနှစ်နောက်ပိုင်းရက်စွဲတွေမှာတော့ ဆရငြိမ်းနှင့် လူမှုကွန်ရက်ပေါ်မှာတောင်သိပ်မဆုံဖြစ်တော့။ ကျွန်တော်ကိုယ်တိုင် အသုံးနည်းသွားခဲ့တာလည်းပါသည်။တစ်ခါတစ်ရံ ဆရာငြိမ်း၏ မြေပုံအခင်းအကျင်းတွေဖတ်ရသည်။

တစ်ခါတစ်ရံ ဆရာြငိမ်းစာအုပ်တွေကို ပြန်ရှာဖတ်ရင်း သရဖူခေတ်ကို လွမ်းနေမိတတ်သေးသည်။ သိမ်းထုပ်ထားတဲ့ လွင်ပြင်ကျယ်၊ ညှို့ငင်တောင်၊ သေခြင်းရဲ့ရနံ့….နောက်ဆုံး Echo အထိ။ တစ်ခါတစ်ရံ ဆရာငြိမ်း၏ စကားပြေကို ပြန်လွမ်းဆွတ်လျှင် မိတ္တူကူးသိမ်းထားသည့် “ကိုယ့်လည်ပင်းကိုယ်ပြန်ပွတ်သပ်ရင်း ချစ်သူကို လွမ်းမိတဲ့ညနေခင်း “ ကိုပြန်ဖတ်နေမိတတ်ပြန်သည်။တချို့ရက်တွေမှာတုန်းကတော့ ဒေသတွင်းပရိသတ်မဟုတ်သည့်သူတွေ သိပ်မသိသည့် ဆရာငြိမ်းရဲ့ “မြစ်ဖျားရေကိုလှမ်းမျှော်ခြင်း”

(ထားဝယ်လူမျိုး စကားနှင့်စာပေ) စာအုပ်ဖြင့်ဆရာငြိမ်းကိုလွမ်းနေတတ်ပြန်သည်။ ခုတော့လည်း ဆရာြငိမ်းရေးခဲ့သလိုပင်…။

“ မိုင်ပေါင်းများစွာ ဝေးကွာသောအရပ်မှချစ်သူကို လွမ်းမိသောခဏ၌နွေနေ့လယ်ခင်းသည် မြူနှင်းဖြင့်ဝေနေ၏။

အရာရာသည် မပီဝိုးတဝါး။ကျန်ရစ်ခဲ့သော အတိတ်များ၊အရိပ်နှင့်အရုပ်အရောင်အသွေးများအားလုံး မှုန်ရီဝေ။

……………………………………………………………………………………………………………………………………………………
………………………………………………………………..ထိုညနေက ကျွန်တော်သည် ကိုယ့်လည်ပင်းကိုယ်ပြန်ပွတ်သပ်ရင်းချစ်သူကို လွမ်းနေမိသည်မှတော့ သေချာပါသည်။”…….တဲ့။

ဟုတ်ကဲ့။ သေချာပါသည်။ ကျွန်တော် ဆရာငြိမ်းကို လွမ်းနေပါသည်။ ။

ဖိုးဇော်(ထားဝယ်)
၂၃ ဇွန်လ ၂၀၂၅