မွန်ပြည်နယ်တွင် စက်သုံးဆီ ဝယ်ယူသုံးစွဲမှုကန့်သတ်လိုက်ပြီးနောက် ပြင်ပမှောင်ခိုစျေးကွက် တွင်ကျယ်လာပြီး လက်ရှိတွင် ဆီတစ်လီတာလျှင် ကျပ် ၁၅၀၀၀နှင့် ၂၀၀၀၀ ကြားအထိ ရောင်းဝယ်နေကြကြောင်း သုံးစွဲသူများထံမှ သိရသည်။
စက်သုံးဆီ ပြတ်လပ်ပြီး ဝယ်ယူရ ခက်ခဲလာသဖြင့် သုံးစွဲသူများသည် ပြင်ပမှောင်ခိုစျေးကွက်ကို ပိုမိုအာကိုးလာရကြောင်း ၎င်းတို့က ပြောသည်။
အရောင်းဆိုင်အချို့ကလည်း စျေးပိုရသည့် မှောင်ခိုစျေးကွက်ကို ရောင်းချပေးနေသည့်အတွက် ဆိုင်တွင် ဆီပြတ်လပ်ပြီး တန်းစီစောင့်ဆိုင်းသူများ ဝယ်မရဘဲ ဖြစ်နေကြောင်း သုံးစွဲသူ ဒေသခံများက ဆိုသည်။
“တချို့ဆိုင်တွေကလည်း ပေါက်စျေးနဲ့ အပြ ရောင်းချပေးပြီးတော့ တစ်ဘက်မှာ စျေးပိုရတဲ့ မှောင်ခိုနဲ့ ရောင်းနေတာလည်း ရှိနေတယ်။ နောက်တစ်ခုက တန်းစီဝယ်တဲ့နေရာမှာလည်း လုပ်စားတဲ့လူတွေ ရှိတယ်။ အလုပ်အပျက်ခံ၊ အချိန်အကုန်ခံပြီး တန်းစီပြီးရင် မှောင်ခိုစျေးနဲ့ ပြန်ရောင်းတယ်” ဟု မော်လမြိုင် မြို့ခံတစ်ဦးက ပြောသည်။
မွန်ပြည်နယ်တွင် မတ်လ ၇ရက်ကပြီး ယာဉ်များကို စုံ၊ မ စနစ်ဖြင့် စက်သုံးဆီရောင်းချရန်နှင့် ဆိုင်ကယ်တစ်စီး ကျပ်ငါးထောင်၊ အိုးဝေ/သုံးဘီးတစ်စီးကျပ်တစ်သောင်း၊ အိမ်စီးကား ကျပ်သုံးသောင်း၊ ခရီးသည်တင်ယာဉ် ကျပ်တစ်သိန်း၊ ပရီမီယံဒီဇယ် နံပါတ်အနီယာဉ် ကျပ်လေးသောင်း၊ နံပါတ်အနက် ကျပ်သုံးသောင်းဖိုးသာ ရောင်းချရန် စစ်ကော်မရှင်က ကန့်သတ်ထားသည်။
ယင်းသို့ ကန့်သတ်ချက်အပြင် စက်သုံးဆီကို အချိန်ကြာမြင့်စွာ တန်းစီဝယ်ယူနေရသဖြင့် ယာဉ်များအတွက်အပြင် စိုက်ပျိုးရေးလုပ်ငန်း၊ ရေလုပ်ငန်း၊ ပို့ဆောင် ဆက်သွယ်ရေးလုပ်ငန်းများလည်း ဆီရရှိရန် ပြင်ပဆီစျေးကွက်ကိုသာ အာထားလာရကြောင်း ဆိုသည်။
ဆီဆိုင်များတွင်လည်း နံနက် ၇နာရီမှ ၉ နာရီအထိ တစ်ကြိမ်၊ ညနေ ၄နာရီမှ ၆ နာရီအထိတစ်ကြိမ်သာ ဖြည့်ပေးကြောင်း မုဒုံမြို့မှ ဆိုင်ကယ်သမားတစ်ဦးက ပြောဆိုသည်။
“အဲဒီအချိန်အတွင်းက ဆိုင်ကယ်တွေ ရာနဲ့ချီတန်းစီစောင့်နေသလို ကားတွေလည်း အများကြီးဆိုတော့ အချိန်ခဏ အတွင်းမှာ ဖြည့်လို့ဘယ်မီမလဲ၊ တကယ်ဒုက္ခရောက်ရတယ်။ စျေးကလည်းကြီးသေးတယ်။ ဆီဆိုင်ကနေ တန်းစီနေတဲ့ ကားတွေ ဆိုင်ကယ်တွေ မျက်စိတဆုံးပဲ” ဟု ၎င်းက ပြောသည်။
ဆီအရောင်းဆိုင်များတွင် ဓာတ်ဆီတစ်လီတာ ကျပ် ၃၃၀၀ နှင့် ၃၅၀၀ ကြားရှိနေပြီး၊ ဒီဇယ်တစ်လီတာ ကျပ် ၄၀၀၀ နှင့် ၄၃၀၀ ကြား အရောင်းအဝယ်ပြုလုပ်နေကြကြောင်း ဒေသခံများထံမှ သိရသည်။
အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့ စစ်ပွဲကြောင့် ကမ္ဘာ့လောင်စာဆီစျေးကွက်ကို ရိုက်ခတ်လာပြီးနောက် ပြည်နယ်အတွင်း စစ်အာဏာရှင်က စက်သုံးဆီ သုံးစွဲမှုနှင့် ရောင်းချမှုများအပေါ် ကန့်သတ်လာသည်။







