ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၂၇ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ဒီဇင်ဘာလ ၂၂ ရက်နေ့က ကန်ချနဘူရီမြို့ထဲ နေရာနှစ်ခုတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။
ကန်ချနဘူရီမြို့ နော့ဘိုဝါဒေသ အမြန်လမ်းမပေါ်တွင် ပစ်ကပ်ကားဖြင့်လာသော မြန်မာနိုင်ငံသား အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ရှစ်ဦး စုစုပေါင်း ၁၈ဦးကို ကန်ချနဘူရီ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။
နိုင်ငံခြားသားများကို တရားမဝင် ပို့ဆောင်မှုဖြင့် ထိုင်းနိုင်ငံသား ကားသမားကို အမှုဖွင့်ထားပြီး မြန်မာနိုင်ငံသားများကို တရားမဝင် ဝင်ရောက်လာမှုဖြင့် အမှုဖွင့်၍ ကန်ချနဘူရီရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ဆိုသည်။
ယင်းနေ့တွင်ပင် ကန်ချနဘူရီမြို့ ပါဖဲဒေသတွင် အိမ်စီးကားတစ်စီးကို အလေးချိန် များနေသဖြင့် မသင်္ကာဖြစ်၍ တားဆီး စစ်ဆေးရာမှ တရားမဝင် ဝင်လာသော မြန်မာအမျိုးသမီး ကိုးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
မြန်မာနိုင်ငံသားများကို နယ်စပ်မှတစ်ဆင့် ကန်ချနဘူရီမြို့ထဲသို့ ဘတ် သုံးထောင်ဖြင့် ပို့ဆောင်ပေးရန် ငှားရမ်းခဲ့သဖြင့် ပို့ဆောင်ပေးခြင်းဖြစ်သည်ဟု ကားသမားက ထွက်ဆိုထားကြောင်း ဖော်ပြသည်။
ဖမ်းဆီးခံရသော ကားသမားသည် နိုင်ငံခြားသားများကို တရားမဝင် ပို့ဆောင်မှုဖြင့် နှစ်ကြိမ် ဖမ်းဆီးခံရဖူးသူဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။
ကားသမားသည် ပြန်လွတ်လာပြီးနောက် နောက်ထပ်နှစ်ကြိမ် နိုင်ငံခြားသားများကို ပို့ဆောင်ခဲ့သေးပြီး ယခုသုံးကြိမ်မြောက်တွင် ဖမ်းဆီးခြင်းခံရကြောင်း ဆိုသည်။
ကားသမားနှင့် မြန်မာနိုင်ငံသားများကို ဥပဒေအရ အရေးယူနိုင်ရေး ကန်ချနဘူရီရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။
Ref: Kanchanaburi news, Top News







