အိပ်မပျော်ခြင်းများအကြား လူးလွန့်နေရခြင်း၏ အရသာပါးပါးကို ထင်သာမြင်သာဖြစ်အောင် ဖော်ပြချင်ပါသည်၊ ခေါ်ပြချင်ပါသည်။ သို့သော် ဖတ်ခဲ့ဖူးသော စာအုပ်များ၏ အကူအညီဖြင့်လည်ကောင်း၊ ကြားခဲ့ဖူးသည့် စကားများ၏ ထောက်ပံ့မှုဖြင့်လည်းကောင်း ထိုအရသာကို မညွှန်းပြနိုင်ဘဲ ဖြစ်နေသည်။ ထိုအရသာ၏ နှိပ်စက်ကျီစယ်မှုနှင့် အသားကျနေခဲ့သည်မှာ ရွတ်ဆုတ်ပြက္ခဒိန်လေးများပင် သုံးလေးအုပ်တိုင်ခဲ့လေပြီ။
အိပ်မပျော်မှုများ သေဆုံးသွားစေရန် သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် နာရီတချို့စာ သေဆုံးသွားအောင်ပြုရန်အတွက် အိပ်ရာထဲ၌ပင် အားထုတ်နေရသည်ကိုလည်း မုန်းတီးမိသည်။ စိတ်ပျက်မိသည်။ ရွံရှာမိသည်။
ကျယ်ပြောခြင်းတို့ပိန်းပါးသေးလှီနေသော အခန်းတစ်ခုထဲတွင် စာအုပ်တချို့နှင့် လက်ကိုင်ကွန်ပြူတာအိုတစ်လုံးသည် အိပ်မပျော်ခြင်းကို တွန်းလှန်ရန် အကောင်းဆုံးရဲဘော်ရဲဘက်များအဖြစ် အတူရှိနေကြသည်။
အိပ်မပျော်မှုကို အရှုံးပေးရန်အတွက် ကော်ဖီတစ်ခွက်ကို အဓမ္မဖျော်ချလိုက်သည့်အခါ ကော်ဖီနံ့များက အခန်းထဲ ခုန်ဆင်းပြေးလွှားရင်း အတူရှိနေကြောင်း အထာပေးလာတော့ အမှောင်ထဲ တစ်ယောက်တည်း မထိတထိ ပြုံးဖြစ်သေးသည်။ အရောင်အဆင်းကင်းမဲ့စွာ။
အချိန်ကား မနက် နှစ်နာရီပင် ခွဲနေလေပြီ။
နုပျိုနေဆဲကော်ဖီခွက်ကို နံဘေးချ၊ လက်ကိုင်ကွန်ပြူတာ အဟောင်းလေးကိုဖွင့်ပြီး Google Search Bar မှာ စာတစ်လုံးရိုက်လိုက်သည်။
“သေဆုံးခြင်း”
Enter ခလုတ်ထက် အားအင်များ အကုန်သွန်ချလိုက်သည့်အခါ အတော်နာကျင်သွားသည်ထင်။
တောက်ခနဲ မြည်သံတစ်ခု လူးလွန့်မြည်ထွက်လာခြင်းနှင့်အတူ ကမ္ဘာ့လွတ်လပ်မှုအရှိဆုံး စကားလုံးတစ်လုံးသည် Google Search Bar ထဲတွင် သူဂိုက်၊ သူ့စတိုင်၊ သူ့အလုပ်နှင့်။
စက္ကန့်ပိုင်းအကြာတွင် ဆိုင်ရာအချက်အလက်များအားလုံးသည် ခရားရေလွှတ်သည့်နှယ် ကွန်ပြူတာမျက်နှာပြင်ထက် ပြည့်ကျပ်ကျလာလေသည်။
“ သေဆုံးခြင်း (death) ဆိုသည်မှာ သက်ရှိသတ္တဝါတစ်ဦး(တစ်ကောင်)၏ ဇီဝလုပ်ငန်းစဉ်များ ရပ်ဆိုင်းသွားခြင်းကို ခေါ်သည်။ သေဆုံးခြင်းကို ဖြစ်စေသည့် အဓိကအကြောင်းအရာများမှာ အသက်အရွယ်အိုမင်းလာခြင်း၊ အခြားသတ္တဝါတစ်ကောင်၏ တိုက်ခိုက်၊ စားသောက်ခြင်းကို ခံရခြင်း၊ အာဟာရချို့တဲ့ခြင်း၊ ရောဂါရခြင်း၊—”
ရှာဖွေလိုက်သော စကားလုံးအတွက် ပထမဆုံး တွေ့ရှိမှုကို အနည်းငယ်သာ မြည်းစမ်းပြီး ရပ်တန့်ပစ်လိုက်သည်။ နောက် မည်သို့သော တွေ့ရှိမှုများကို ဖမ်းမိပါဦးမည်နည်း။
“ နှစ်ရက်တာ လေတပ်ဗုံးကြဲမှုတွင် ၄၀ ထက်မနည်း သေဆုံး၊ ကိုယ်ဝန်ဆောင်နှင့် ကလေး—”
“မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆၆ ဦး သေဆုံး ရန်ကုန်၊ ဧပြီ ၂ မြန်မာနိုင်ငံတစ်ဝ—”
“ငလျင်ကြောင့် ဘုံးအုံးရွာခံ ရာနဲ့ချီ သေဆုံးခဲ့ရ”
“ မြန်မာငလျင် – သေဆုံးစာရင်းတိုးပြီး ကူညီကယ်ဆယ်ရေးလိုအပ်နေဆဲ”
ထိပ်တန်းသတင်းများအဖြစ် Myanmar Now, BBC နှင့် ဖေ့ဘုတ်စာမျက်နှာတစ်ခုမှ သတင်းတချို့က ဟိုတယ်တစ်ခုမှ ဧည့်ကြိုကလေးများနှယ် စီစီရီရီလေး။ ထပ်တွေ့နိုင်သော သတင်းများဆိုသည့် ကော်လံကို တွေ့သော်ငြားလည်း မမြင်သယောင်အကွက်နင်းရင်း ကျော်ခွပစ်လိုက်သည်။ သေဆုံးခြင်းကို ရှာဖွေနေသော လူတစ်ယောက်သည် အဘယ်ကြောင့် သေဆုံးခြင်းများကို ကျော်ခွသွားနေမိသနည်း။ ရှက်ဖွယ်။
“ ရခိုင်မှာလေကြောင်း…”
“ စစ်ခေါင်းဆောင်ရဲ့ ဘန်ကောက်…”
“ လူဒါဇင်ချီသေဆုံးခဲ့တဲ့ သပိတ်…”
Video Option ၏ အောက်ဘက်တွင် တန်းစီပေါ်ထွက်လာသော ခေါင်းစဉ်များ။ အားလုံးသည် သေဆုံးခြင်းများ စိုရွှဲနေမည့်အကြောင်း ဗီဒီယိုကို ဖွင့်မကြည့်ဘဲနှင့်တင် သိလိုက်မိ။ ထိုနောက် View All ကို တွေ့သည်။ ဆက်မနှိပ်ဖြစ်။ နှိပ်ရမည်ကို ကြောက်နေသည်လော၊ ရှက်နေသည်လော၊ မနှိပ်ရက်သည်လော၊ လိပ်ပြာမလုံ၍လော။ အဘယ်ကြောင့်နည်း။ အဖြေများ ဖွားမြင်သန့်စင်ခွင့်မရလိုက်မီ စက္ကန့်ပိုင်းအတွင်း၌ပင် တခြားသော သေဆုံးခြင်များဆီ Mouse Pointer ကို ရွေ့ထားပြီးသားဖြစ်နေခဲ့သည်။ သမင်ငယ်နောက်သို့ အားကုန်ညစ်ပြီး ပြေးလိုက်နေသော ကျားတစ်ကောင်၏ ဆာလောင်ခြင်းမျိုးနှင့်။
“ခန့်ညားဟိန်း သေဆုံးမှု”
ခန့်ညားဟိန်း (၂၀၀၃ – ၁၄ မတ် ၂၀၂၁) တရုတ်အမည် Lin Yaozong သည် မြန်မာဆေးကျောင်းသား တက်ကြွလှုပ်ရှားသူဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်း ဆန့်ကျင်ရေးဆန္ဒပြပွဲများ အတွင်းတွင် သေဆုံးခဲ့သူ ဖြစ်သည်။…
မြန်မာငလျင်- သေဆုံးစာရင်တိုးပြီး ကူညီကယ်ဆယ်ရေးတွေ လိုအပ်နေဆဲ – BBC
Mar 31, 2025 — မနေ့က တရားဝင်ထုတ်ပြန်တဲ့ စာရင်းတွေအရ သေဆုံးသူ ၁,၇၀၀ ကျော်ပဲရှိလို့ တစ်ရက်အတွင်း ၃၅၀ ကျော်တိုးလာတာ ဖြစ်ပါတယ်။ အလားတူ ဒဏ်ရာရသူက …
ငလျင်ကြောင့် ဘုံးအုံးရွာခံ ရာနဲ့ချီ သေဆုံးခဲ့ရ – BBC…BBC
Apr 3, 2025 — မြန်မာနိုင်ငံ အလယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၇ ရှိတဲ့ ငလျင်ကြီးကြောင့် သေဆုံးသူ ဦးရေ ၃၀၈၅ ယောက် ရှိပြီလို့ ထုတ်ပြန်ထားပါတယ်။ … ဒီ အင်အားပြင် ငလျင်လှုပ်ခတ်လို့ သေဆုံးမှုများတဲ့ အထဲမှာ မန္တလေးတိုင်း၊…
Bangkok Heart Hospital
အားကစားသမားများ သေဆုံးရခြင်း အကြောင်းရင်း သို့မဟုတ် Sudden Cardiac Death (SCD) သည် မကြာခဏ နှလုံးပြဿနာများကြောင့် ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် လူငယ်အားကစားသမား ၁၄၀၀ ကျော် (၃၅ နှစ်) သေဆုံးမှုဆိုင်ရာ အချက်အလက်များကို စုစည်းတွေ့ရှိခဲ့သည်။…
သေဆုံးမှုအများဆုံး အဆင့် ၃ နေရာမှာ…
သေဆုံးမှုအများဆုံး အဆင့် ၃ နေရာမှာ မြန်မာရပ်တည်နေ မြန်မာဟာ ပြည်တွင်းစစ်ပွဲတွေကြောင့် လူသေဆုံးမှုအများဆုံး အဆင့် (၃) နေရာမှာရောက်ရှိနေပြီး ကမ္ဘာ့ပဋိပက္ခအဖြစ်ဆုံး အညွှန်းကိန်းအဆင့် (၂) မှာ ရပ်တည်နေတယ်လို့ ကမ္ဘာလုံးဆိုင်ရာ လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်တွေနဲ့ … ။
သေဆုံးသူအမည်များ၊ သေဆုံးခြင်းများ၊ သေဆုံးချိန်များ၊ သေဆုံးပုံများ၊ သေဆုံးကြောင်းများ၊ သေဆုံးနှုန်းများ… သေဆုံး၊ သေဆုံး။
ကွန်ပြူတာမျက်နှာပြင် အဆုံးထိ ခရီးရောက်သွားချိန်တွင် အိပ်ပျော်ခြင်းသည် အဝေးသို့ စင်စစ်ရောက်သွားခဲ့ပြီကို သတိထားမိလိုက်သည်။ သေဆုံးခြင်းအတွက် 1.2.3.4.5.6.7.8.9.10 Next ဟု ဆက်တွေ့နေရသည်။ လောလောဆယ် ရရှိထားသော သေဆုံးခြင်းများသည် ပထမဦးဆုံးစာမျက်နှာမှသာဖြစ်သည်။ သို့ဆိုလျှင် ရှာဖွေနေသော သေဆုံးခြင်းများသည် ရှေ့တွင် အင်အားအလုံးအရင်းနှင့်မဟုတ်ပါလော။
လူတစ်ယောက်သေဆုံးဖို့ အသက်ကို စက္ကန့်မည်မျှ အောင့်ထားသင့်သနည်း။
ကြယ်ငါးတစ်ကောင်သေဆုံးဖို့ ဆားငန်ရေများကို ဘယ်နှနာရီလောက် ဝှက်ထားသင့်ပါသလဲ။
ပန်းတစ်ပွင့်သေဆုံးဖို့ နေပူရှိန် ဘယ်လောက်များများနှင့် ဆက်ဆံမှုပြုရန် လိုအပ်ပါသလဲ။
တီတစ်ကောင်၏ သေဆုံးခြင်းသတင်းကို ဘယ်သတင်းဌာနက ကြေညာခဲ့ဖူးသနည်း။
ကဗျာတစ်ပုဒ်သေဆုံးဖို့ အပိုဒ်ရေ ဘယ်နှပိုဒ်လောက် ဖြုတ်ပစ်သင့်ပါသလဲ။
စစ်ပွဲတွေသေဆုံးဖို့ လူ့အသက်ဘယ်နှသန်းလောက်နှင့် ဖိသတ်၍ ရပါသနည်း။
ကွန်ပြူတာအို၏ မျက်နှာပြင်သည် ပျိုဖော်ဝင်ပြီးစ မိန်းမပျိုလေးတစ်ယောက်၏ အသွေးအသားမျိုးနှင့် လင်းဖြာရှင်သန်နေရင်း သေဆုံးခြင်းများကို ပိုက်ပွေ့ပေးထားသည်။ မျက်နှာပြင်ကို ဖောက်ပြီး ထွက်ပြေးလာသော သေဆုံးခြင်းများ၏ ရဲတင်းနိုင်မှုများ၊ စူးရဲမှုများကြောင့် မျက်လုံးအစုံကို အားသုံးဖိချလိုက်သည်။
ဟော– သေဆုံးခြင်းကို ထပ်တွေ့ရသည်။ ငယ်စဉ်က ဆုံတွေ့ခဲ့ဖူးသော သေဆုံးခြင်းများ။
ဝနားမလည်၊ ဝိနားမလည်အရွယ်က ဆုတောင်းခဲ့ဖူးသည်။ “ အိုဘုရားသခင် အဖေနဲ့အမေ မသေဆုံးမီ ကျွန်တော်မျိုးကို အရင် သေဆုံးစေပါ။ ဘုရားသခင်ထံ ခေါ်ယူတော် မူပါ”။
တချို့ညများတွင် ပထမ – အိပ်ရာထက် ပက်လက်စန့်စန့်အိပ်သည်။ ဒုတိယ – လက်နှစ်ဖက်ကို ရင်ဘတ်ပေါ် ယှက်၍ တင်သည်။ တတိယ- မျက်လုံးကို ဖြည်းဖြည်း မှိတ်ချလိုက်သည်။ စတုတ္ထ – အသက်ရှူခြင်းကို ဖြည်းဖြည်းချင်း ရပ်တန့်လိုက်သည်။ ပဉ္စမ – ခန္ဓာကိုယ်ကို ပုံတစ်လုံးထဲထည့်ချလိုက်ပြီ၊ မြေတွင်းကြီးထဲသို့ လူတချို့က တဖြည်းဖြည်းချင်း ချသည်၊ မြေကြီးများ တဗုန်းဗုန်းနှင့် ခန္ဓာအပေါ်သို့ကျလာသည်။ ငါဘာမှ မမြင်ရတော့၊ ငါဘာမှ မကြားရတော့၊ ငါ ဘာမှ မထိတွေ့ရတော့၊ ဘုရားသခင် — အမေရေ—-အဖေရေ—အဖေ။
ထိုအဆင့်၌ပင် အသက်ရှူကြပ်လာကာ ရုန်းရင်းဆန်ခတ်ဖြင့် မျက်လုံးပြန်ဖွင့်ကြည့်ရခြင်းများက ဆယ်ကျော်သက်အရွယ်ရောက်သည့်တိုင် အခါခါ အလီလီ။ ဆုတောင်းများခြင်း၏ အသီးအပွင့်လော၊ အစမ်းသေ ကြည့်ခြင်းများ၏ စီးဆင်းသံလော။ တပ်အပ်ပြောရခက်သော်ငြားလည်း လောလောဆယ်မှာတော့ သေဆုံးခြင်းအချို့ကို လိုက်၍ ရှာနေမိသည်။
“ အန်တီဌေးရေ သွားကြစို့”
အိမ်နှင့် မနီးမဝေးတွင် အိမ်ငှားနေသော ငါးသည် အန်တီဌေးကို လာနှိုးခေါ်သည့် တက္ကစီသမား၏ အသံသည် ညတစ်ညသေဆုံးသွားပြီဖြစ်ကြောင်း ဟစ်ကြွေးပူလောင်ပြလိုက်သည့်နှယ်။ သို့ဆိုလျှင် မိမိသည် ညတစ်ညကို အနိုင်ယူနိုင်လိုက်သည်လား၊ အရှုံးပေးလိုက်ရသည်လား။
ကွန်ပြုတာ၏ မျက်နှာပြင်အရောင်သည် မှိန်ကျလာနေသည်။ ဘက်ထရီဘားတွင် အနီရောင်ပြ၍ သူသေဆုံးတော့မည့်အကြောင်း လှစ်ဟပြနေသည်။
ကော်ဖီခွက်ကို လှမ်းကြည့်သည့်အခါ အနံ့များသည်လည်းကောင်း နွေးထွေးမှုများသည်လည်းကောင်း ညိုးငယ်ခွေခေါက်လျက်၊ အေးမြစွာ ငြိမ်သက်နေလေပြီ.
ကိုယ့်ကိုယ်ကိုယ် ကုပ်ဆိတ်ကြည့်ရန်ကော လိုသေးပါ၏လော။
သေဆုံးခြင်းများကို ရှာဖွေကြည့်ခြင်းကား ကဗျာတစ်ပုဒ် ဟုတ်မနေသည်မှာ အင်မတန် အခံရဆိုးသည်။
ဘရိုင်ယံရိန်း







