ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင်တွင် ဖဲဝိုင်းထောင်၍ လောင်းကစားပြုလုပ်နေသည်ဆိုပြီး မြန်မာနိုင်ငံသားလေးဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
အောက်တိုဘာလ ၂၁ရက်တွင် ဖူးခက်မြို့၊ ချလောင်ဒေသ ပါလိုင်လမ်းထဲရှိ အလုပ်သမားတန်းလျားထဲရှိ ဖဲဝိုင်းတစ်ခုကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာမှ မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူများမှာ အသက် ၃၁ နှစ်မှ ၄၅ နှစ်ကြား အရွယ်များဖြစ်ကြပြီး အမျိုးသား နှစ်ဦး၊ အမျိုးသမီး နှစ်ဦးတို့ဖြစ်ကြကြောင်း သတင်းများတွင် ဖော်ပြသည်။
၎င်းတို့နှင့်အတူ ဖဲထုပ်၊ ပုဆိုး၊ ဘတ် ၁၀၀ တန် ၇ ရွက်၊ ဘတ် ၂၀ တန် ၁၀ ရွက်ကို သက်သေအနေဖြင့် သိမ်းဆည်းခဲ့ကြောင်း ဖော်ပြသည်။
ဖူးခက်ခရိုင်အတွင်း တရားမဝင် လုပ်ငန်းများဖြစ်သော လောင်းကစား၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုများကဲ့သို့သော လုပ်ငန်းများကို ရက် ၁၂၀ စီမံကိန်းဖြင့် ဖမ်းဆီးဆောင်ရွက်နေချိန် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။
ခွင့်ပြုချက်မရှိဘဲ ဖဲဝိုင်းထောင် လောင်းကစားပြုလုပ်မှု၊ အဆောက်အအုံအတွင်း လောင်းကစားပြုလုပ်မှုဖြင့် လက်ရှိတွင် မြန်မာလေးဦးကို အမှုဖွင့် အရေးယူထားပြီး ချလောင်ရဲစခန်းသို့ ပို့ဆောင်ထားကြောင်း ဆိုသည်။
Ref: Phuket News