ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်ကျေးရွာဘက်သို့ စစ်အာဏာရှင်တပ် အင်အား ရာနှင့်ချီဖြင့် စစ်ကြောင်းထိုး ဝင်ရောက်နေကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ စစ်ကြောင်းသည် အောက်တိုဘာလ ၁၉ ရက်ကစပြီး မုဒုံမြို့နယ်၊ အဘစ်ကျေးရွာလမ်းဝမှတစ်ဆင့် အဘစ်-ပုလိန်- တံခွန်တိုင်လမ်းအတိုင်း ခလယ်-တံခွန်တိုင်ကျေးရွာဘက်သို့ ဝင်ရောက်လာကြောင်း ၎င်းတို့က ပြောသည်။
ယနေ့ အောက်တိုဘာလ ၁၃ရက်တွင် ခလယ်-တံခွန်တိုင်အနီးအနားတဝိုက်တွင် ရှိနေကြောင်း ဒေသခံများက ဆိုသည်။
“ဒီရက်ပိုင်း အဘစ်လမ်းဝကနေ စစ်သားတွေ ရာနဲ့ချီ တက်သွားနေတယ် ခလယ်-တံခွန်တိုင်ဘက်ကို။ (မုဒုံမြို့နယ်) ဒီဘက်မှာဆိုရင်လည်း မုဒုံ-သံဖြူဇရပ် ကားလမ်းတစ်လျှောက်မှာလည်း စစ်သားတွေ လာချထားတာရှိတယ်” ဟု မုဒုံဒေသခံတစ်ဦးက ပြောသည်။
ခလယ်-တံခွန်တိုင်ဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် အောက်တိုဘာလ ၂၁ ရက် နေ့လယ်ပိုင်းတွင် တံခွန်တိုင် ဇီးဖြူကုန်းစခန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် တံခွန်တိုင်ဒေသခံ နှစ်ဦး ထိမှန်ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။
စစ်အာဏာရှင်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာသည့်အတွက် ဒေသတွင်း တိုက်ပွဲ ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြောင်း ဒေသခံများက ပြောဆိုသည်။
“ဒီလိုမျိုး စစ်ကြောင်းတွေ ဝင်လာလို့ သူတို့ကို ကြောက်ရတာကတစ်မျိုး၊ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာကိုလည်း ကြောက်ရတယ်။ တိုက်ပွဲတွေ ဖြစ်လာမှာကိုလည်း စိုးရိမ်နေရတယ်” ဟု ခလယ်-တံခွန်တိုင်ဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်မရော-ကြာအင်းဆိပ်ကြီးလမ်းပိုင်းနှင့် ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းပိုင်းတစ်လျှောက် စစ်အာဏာရှင်တပ် စစ်ကြောင်းထိုး ဝင်ရောက်ခဲ့သည်။
ယင်းသို့ဝင်ရောက်စဉ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ တော်လှန်ရေးပူးပေါင်းတပ်တို့နှင့် စစ်အာဏာရှင်တပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
စစ်အာဏာရှင်တပ်သည် ယခုရက်ပိုင်းအတွင်း ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၆) ကြာအင်းဆိပ်ကြီး၊ ဝင်းရော်ဒေသဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာနေသည့်အပြင် တပ်မဟာ (၁) သထုံခရိုင်ဘက်သို့လည်း စစ်ကြောင်းထိုး ဝင်ရောက်လာနေသည်။
ယင်းသို့ ဝင်ရောက်စဉ် လက်နက်ကြီးဖြင် ပစ်ခတ်ခြင်း၊ လေကြောင်းအသုံးပြု တိုက်ခိုက်ခြင်းများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။