BREAKING
October 23, 2025

ထိုင်း-မြန်မာနယ်စပ်တွင် တရားမဝင် ဝင်လာသော မြန်မာ ၃၀ ကျော် ဖမ်းဆီးခံရ

October 23, 2025

ထိုင်း-မြန်မာနယ်စပ်၊ တာခ့်ခရိုင်တွင် တရားမဝင်လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၃၀ ကျော် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

အောက်တိုဘာလ ၂၂ ရက် ည ၁၁ နာရီခန့်က တာ့ခ်ခရိုင် မယ်လမတ်ဒေသတွင် မြန်မာနိုင်ငံသားများ တရားမဝင် ဝင်လာကြောင်း သတင်းရရှိသဖြင့် ထိုင်းအာဏာပိုင်များက သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ဖမ်းဆီးခံရသူများတွင် အမျိုးသား ၂၃ ဦး၊ အမျိုးသမီး ၈ ဦး ပါဝင်ပြီး အားလုံးတွင် နေထိုင်ခွင့် စာရွက်စာတမ်းများ မတွေ့ရကြောင်း ဖော်ပြသည်။

မြန်မာနိုင်ငံသားများသည် ပဲခူးတိုင်းဒေသကြီးမှတစ်ဆင့် လာရောက်ကြပြီး မြဝတီဘက်ခြမ်းတွင် ကိုးရက်ကြာ နေထိုင်ပြီးမှ သောင်ရင်းမြစ်ကို ဖြတ်၍ ထိုင်းနိုင်ငံဘက်သို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ထိုင်းနိုင်ငံဘက်ခြမ်း ကြံခြင်း၊ ပြောင်းခင်းများထဲ ပုန်းနေစဉ် အာဏာပိုင်များက စစ်ဆေးတွေ့ရှိသွားသဖြင့် လမ်းပြက ထွက်ပြေးသွားခဲ့ကြောင်း မြန်မာများက ပြောသည်။

၎င်းတို့သည် ထိုင်းနိုင်ငံထဲ တစ်နှစ်ကြာ အလုပ်လုပ်ရမည်ဆိုပြီး ပွဲစားများကို ဘတ် ၂၅၀၀၀ အထိ ပေးချေကာ ဝင်လာခဲ့သော်လည်း ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း မြန်မာများက ထွက်ဆိုသည်ဟု ဖော်ပြသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူများကို တရားမဝင် ဝင်ရောက်လာမှုဖြင့် အရေးယူထားပြီး မယ်လမတ်ရဲစခန်းသို့ ပို့ဆောင်ထားကြောင်း သတင်းတွင် ဖော်ပြသည်။

အောက်တိုဘာလ ၂၁ ရက်ကလည်း ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် မြန်မာနိုင်ငံသားများ လိုက်ပါလာသော အိမ်စီးကားက လမ်းဘေးဓါတ်တိုင်ကို ဝင်တိုက်ခဲ့ပြီး ကားပေါ်တွင် လိုက်ပါလာသည့် မြန်မာနိုင်ငံသား ၁၄ ဦး ဖမ်းဆီးခံရသေးသည်။

လက်ရှိတွင် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ရွှေကုက္ကိုမြို့သစ် KK Park ရှိ အွန်လိုင်းငွေလိမ် လုပ်ငန်း များကို စစ်အာဏာရှင်တပ်များက ဝင်ရောက်စီးနင်းသည့် ဖြစ်စဉ်တွင် ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်သူများ လာသဖြင့် ထိုင်းနယ်စပ်တွင် လုံခြုံရေးတင်းကျပ်ထားကြောင်း သတင်းများတွင် ဖော်ပြသည်။

Ref: MGR Online, Tak News