BREAKING
October 19, 2025

သံဖြူဇရပ်တွင် ဇနီးမောင်နှံနှစ်ဦး သေနတ်ဖြင့် ပတ်ခတ်ခံရပြီး သေဆုံး

September 23, 2025

ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝင်းစိန်ကျေးရွာနှင့် ခ‌လောက်ချကျေးရွာအကြားရှိ ရော်ဘာခြံတစ်ခုတွင် နေထိုင်သည့် ဇနီးမောင်နှံနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။

ဝင်းစိန်ကျေးရွာက အသက် ၃၅ နှစ်အရွယ် ဦးအောင်သက်မွန်နှင့် ဇနီးဖြစ်သူ ဒေါ်ဆိုက်နွန်တို့ နှစ်ဦးသည် ယမန်နေ့ စက်တင်ဘာလ ၂၂ ရက် နံနက်ပိုင်းက ၎င်းတို့နေထိုင်သည့် ရော်ဘာခြံတွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ရင်ဘတ် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားသည့် ရော်ဘာခြံတွင် သေဆုံးကြောင်း ၎င်းတို့က ဆိုသည်။

“သူတို့က ရော်ဘာခြံလုပ်တယ်။ ရော်ဘာခြံထဲမှာပဲ နေတာ။ ပစ်သွားတဲ့လူက ဘယ်သူလဲ၊ ဘာကြောင့် ဒီလို ပစ်သတ်သွားလဲဆိုတာလည်း မသိဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

ဦးအောင်သစ်မွန်တို့ ဇနီးမောင်နှံကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်ခဲ့သည်ကိုမူ Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ ဇနီးမောင်နှံ၏ ရုပ်အလောင်းကို ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့တို့၏ အကူအညီဖြင့် သံဖြူဇရပ်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းကလည်း သံဖြူဇရပ်မြို့နယ် ထင်းရူးကျေးရွာနှင့် လင်းမသာကျေးရွာကြားလမ်းတွင် ကားဖြင့် စျေးလိုက်ရောင်းနေသည့် ဇနီးမောင်နှံနှစ်ဦး ပစ်သတ်ခံခဲ့ရသည်။