ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း၌ဖြစ်ပေါ်နေသော တိုက်ဖွန်းမုန်တိုင်းရာဂါဆာအရှိန်ကြောင့် ယနေ့ စက်တင်ဘာလ ၂၃ရက်နေ့တွင် ထားဝယ်ခရိုင်တွင် မိုးရွာသွန်းမှုများပြီး ရေကြီးရေလျှံ ဖြစ်နေကြောင်း ထားဝယ်ခရိုင်ရှိ ဒေသခံများထံမှသိရှိရသည်။
ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်၊သရက်ချောင်းတို့တွင် ယနေ့နံနက်ပိုင်းမှစ၍ မိုးအဆက်မပြတ် ရွာသွန်းနေပြီး မြို့ပေါ်ရပ်ကွက်များနှင့် အဓိကလမ်းမကြီးများတွင် ရေကြီးရေလျှံမှုများဖြစ်နေကြောင်း မြို့ခံတို့ထံမှသိရသည်။
ထားဝယ်မြို့ပေါ်ရှိ ဆေးရုံလမ်း၊ဆန်းချီရပ်ကွက် အုတ်ဖိုလမ်းနှင့်ထားဝယ်မြို့သစ် ၁လမ်း၊ သရက်ချောင်းမြို့လယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့လမ်းမကြီးတို့တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်နေခြင်းဖြစ်သည်။
“ဆေးရုံလမ်းမှာဆိုရင် ကြက်ခြေနီရုံးကကားတွေတောင် ရေမြုပ်နေတယ်”ဟု မြိုခံတစ်ဦးက ယနေ့ နေလယ်ပိုင်းအခြေအနေကို ပြောပြသည်။
မိုးများရင်ရေကြီးလေ့ရှိသည့် လောင်းလုံးမြို့ပေါ် ရပ်ကွက်တို့တွင်မူ ရေကြီး၊ရေလျှံမှုမရှိသေးကြောင်း မြို့ခံတို့ကပြောသည်။









တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း “ရာဂါဆာ”သည်ယနေ့ နေ့လယ် ၁၂ နာရီတိုင်းထွာချက်အရ အနောက်ဘက်သို့ ဆက်လက်ရွှေ့လျားတည်ရှိနေပြီး စက်တင်ဘာ ၂၅ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းကမ်းခြေဒေသများကို ဝင်ရောက်တိုက်ခိုက်နိုင်ကြောင်း စစ်ကော်မရှင် ၏ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
မနက်ဖြန် နံနက်ပိုင်းအထိ ခန့်မှန်းချက်အရ မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံနေရာအနှံအပြား မိုးထစ်ချုန်းရွာနိုင်ပြီး တနင်္သာရီတိုင်းအပါအဝင် ရန်ကုန်တိုင်းနှင့် ကျန်တိုင်းနှင့်ပြည်နယ် ၆ ခုတို့တွင်မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း မိုးဇလကဖော်ပြသည်။
ထို့အပြင် တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်လည်း နောက်နှစ်ရက်အထိ မိုးပိုနေမည်ဖြစ်ကြောင်း မိုးဇလကထုတ်ပြန်ထားသည်။