ထားဝယ်တွင် ယခုသီတင်းပတ်အတွင်း ထားဝယ်ပေါ်ဆန်းဆန်ဈေးတက်ပြီး ရေထွက်ကုန် ပစ္စည်းများ ဈေးကျလာသည်။
ပြီးခဲ့သည့် သီတင်းပတ် ဩဂုတ်လ ၁၆ ရက်က ထားဝယ်ပေါ်ဆန်းဆန် ၂၄ ပြည်တစ်အိတ်လျှင် ၁၀၄,၀၀၀ကျပ် ရှိစျေးရှိရာမှ ဩဂုတ်လ ၂၃ ရက်တွင် ၁၀၅,၅၀၀ကျပ်ဖြစ်သွားသည်။ သီတင်းပတ် တစ်ပတ်အတွင်း ဆန်တစ်အိတ်လျှင် ၁,၅၀၀ကျပ် ဈေးတက်သွားခြင်းဖြစ်သည်။
ရေထွက်ကုန်ဈေးကွက်တွင်မူ ယခုသီတင်းပတ်၌ ငါးနှင့် ပုစွန်ဈေးများကျဆင်းလာသည်။
ဩဂုတ်လ ၁၆ ရက်က ပုစွန်တစ်ပိဿာ ၄၅၀၀၀ကျပ်မှ ဩဂုတ် ၂၃ ရက်တွင် ၃၅,၀၀၀ကျပ်သို့ ဈေးကျသွားသည်။
ထို့အတူ ပါတူး(ခေါ်)ငါးလုံးတစ်ပိဿာ ၁၄,၀၀၀ကျပ်မှ ၁၂,၀၀၀ကျပ်၊ ငါးမဲလုံးတစ်ပိဿာ ၉,၀၀၀ကျပ်မှ ၈,၀၀၀ကျပ်၊ ဖိုးထောမဲတစ်ပိဿာ ၁၃,၀၀၀ကျပ်မှ ၁၂,၀၀၀ကျပ်သို့ အသီးသီးဈေးကျသည်။
ထို့ကြောင့် ထားဝယ် ရေထွက်ကုန်ဈေးကွက်တွင် တစ်ပတ်အတွင်း ပုစွန်တစ်ပိဿာလျှင် တစ်သောင်းကျပ်၊ ပါတူးငါးတစ်ပိဿာလျှင် ၂,၀၀၀ကျပ်၊ ငါးမဲလုံးတစ်ပိဿာလျှင် ၁,၀၀၀ကျပ်နှင့် ဖိုးထောမဲတစ်ပိဿာလျှင် ၁,၀၀၀ကျပ် ဈေးကျသွားခြင်းဖြစ်သည်။
ကြက်သွန်ဖြူ(ကြူကုတ်)မှာမူ ဈေးထပ်တက်လာပြီး ပြီးခဲ့သည့်သီတင်းပတ်က တစ်ပိဿာ ၂၁,၀၀၀ကျပ်မှ ဩဂုတ်လ ၂၃ ရက်တွင် တစ်ပိဿာ ၂၂,၀၀၀ ကျပ်ဖြစ်သွားသည်။

