BREAKING
October 18, 2025

ကံပေါက်တွင် မိုးသက်လေပြင်းကျ

July 23, 2025

ပုံစာ - မိုးသက်လေပြင်းကျ၍ အမိုးပျက်စီးသွားသည့် ဓမ္မာရုံအားတွေ့ရစဥ်။ ဓာတ်ပုံ - ရန်ကင်းတောင်ကျောင်း။

ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာအုပ်စု ဝန်းကျင်တွင် ဇူလိုင်လ ၂၂ ရက်က မိုးသက်လေပြင်းကျ၍ ဓမ္မာရုံတစ်ဆောင် အမိုးပျက်စီးခဲ့ပြီး သစ်ပင်များလည်းကျိုးကျခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ကံပေါက်ရွာ၊ မဂ္ဂင်ရပ်ကွက်ရှိ ပေ ၁၃၀၀ ခန့် မြင့်သော ရန်ကင်းတောင်ပေါ်ရှိ ဆောက်လက်စ ဓမ္မာရုံတစ်ဆောင် ဇူလိုင်လ ၂၂ ရက်ညက မိုးသက်လေပြင်းဒဏ်ကြောင့် အဆောက်အအုံခေါင်းရင်းပိုင်း အမိုးတစ်ခြမ်းလန်၍ ပျက်စီးသွားကြောင်း ရန်ကင်းတောင် ဆရာတော်က မိန့်သည်။

“လေပြင်းကြောင့် သွပ်အချပ်လိုက်နဲ့ မိုးထားတဲ့ထုပ်တန်း(သစ်သားချောင်း)တွေ ပါလွင့်သွားတယ်” ဟု ဆရာတော်ကမိန့်သည်။

မနက်ဖြန် ဥပုသ်နေ့အတွက် ဓမ္မာရုံအမိုးအား ယနေ့ ဇူလိုင်လ ၂၃ ရက်ညနေပိုင်း တွင် ပြန်လည်ပြင်ဆင်ခဲ့ပြီးဖြစ်ကြောင်း ဆရာတော်ထံမှသိရသည်။

ယင်းအပြင် ကံပေါက်ရွာအတွင်း ခရေပင်၊ အုန်းပင်နှင့် ကွမ်းပင်အချို့လည်း မိုးသက်လေပြင်းကျ၍ လဲကျကြောင်း ဒေသခံများကဆိုသည်။

ကံပေါက်ကျေးရွာအုပ်စု၊ ဂန့်ဂေါ်တောင်ရွာ တွင်လည်း ရော်ဘာပင်များလဲကျ၍ ထားဝယ်ခရိုင်အတွက် လျှပ်စစ်ဓာတ်အားပို့လွှတ်သည့် ၆၆ ကေဗွီ ဓာတ်အားလိုင်းပေါ်ပိနေသဖြင့် ထားဝယ်ခရိုင်အတွင်း ဇူလိုင်လ ၂၂ ရက် နှင့် ၂၃ ရက်တို့တွင် လျှပ်စစ်ပြတ်တောက်မှုများဖြစ်ခဲ့သည်ဟု ထားဝယ်ခရိုင် အတွင်း လျှပ်စစ်ဝန်ဆောင်မှုပေးနေသည့် Petro &trans ကုမ္ပဏီက သတင်းထုတ်ပြန်ထားသည်။

ယနေ့ညနေပိုင်းတွင် ကံပေါက်ဒေသခံများထံ ဆက်သွယ်မေးမြန်းချက်အရ လေပြင်းတိုက်ခတ်မှုနှင့် မိုးရွာသွန်းမှု ဆက်ရှိနေသော်လည်း ဇူလိုင်လ ၂၂ ရက်ကလောက် လေတိုက်ခတ်မှု မပြင်းထန်တော့ကြောင်း ပြောဆိုကြသည်။

ဇူလိုင်လ ၂၂ ရက်မှ ၂၆ ရက်အတွင်း အပူပိုင်းမုန်တိုင်း ဝီဖာ၏ အရှိန်ကြောင့် တနင်္သာရီတိုင်း အပါအဝင် နိုင်ငံအနှံ မိုးရွာသွန်းမှုနှင့်အတူ နေရာကွက်၍မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလဌာနများနှင့် မိုးလေဝသလေ့လာသုံးသပ်သူများက ကြိုတင်ခန့်မှန်းထားကြသည်။