ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် မြန်မာနိုင်ငံသားများ လိုက်ပါလာသည့် ပစ်ကပ်ကား၊ ကုန်တင်ကား အပါအဝင် ကား ၅ စီးဆင့်တိုက်မှုကြောင့် မြန်မာနိုင်ငံသား သုံးဦးသေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ယနေ့ ဇူလိုင်လ ၂၃ရက် နံနက် ၁၀ နာရီခန့်က ကန်ချနဘူရီခရိုင် စန်ခရာဘူရီအဝင် တောင်ဆင်းလမ်း တစ်နေရာ တွင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးများ တင်ဆောင်လာသော ဆယ်ဘီးတပ်ကုန်တင်ကား ဘရိတ်ပေါက်ပြီး မြန်မာအလုပ်သမားများ လိုက်ပါလာသော ပစ်ကပ်ကားနှင့် အခြားကားများကို ဝင်တိုက်ခဲ့ကြောင်း ဖော်ပြသည်။
ကားတိုက်မှုကြောင့် မြန်မာနိုင်ငံသားအချို့ ကားပေါ်မှ လွင့်စင်ခဲ့ပြီး အချို့မှာ ကားထဲ ပိတ်မိနေခဲ့ကြောင်း ဖော်ပြသည်။
ကားထဲ ပိတ်မိနေသူများကို ကယ်ဆယ်ရေးအဖွဲ့များက ဖြတ်စက်များ သုံး၍ တစ်နာရီခန့်ကြာအောင် ကယ်ထုတ်ခဲ့ရကြောင်း သတင်းများတွင် ဖော်ပြသည်။
ကားတိုက်မှုကြောင့် ပစ်ကပ်ကားထဲ ပိတ်မိနေသော မြန်မာနိုင်ငံသား အမျိုးသား သုံးဦး နေရာတွင်ပင် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၁၈ ဦးရှိသည့်အနက် ငါးဦးမှာ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရကြောင်း ဖော်ပြသည်။
ဒဏ်ရာရရှိသူများကို အရေးပေါ် ကုသမှုပေးပြီးနောက် နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဆိုသည်။
ဒဏ်ရာရရှိသူ ၁၈ဦးထဲတွင် မြန်မာနိုင်ငံသားအများစုပါဝင်သည်ဟု သတင်းများတွင် ဖော်ပြထားပြီး ဦးရေအတိအကျကိုမူ မသိရသေးပေ။
မြန်မာနိုင်ငံသားများသည် စမွတ်စခွန်မှတစ်ဆင့် ဘုရားသုံးဆူလမ်းအတိုင်း နေရပ်ပြန်ရန် လာစဉ် ကားတိုက်မှုဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
သေဆုံးသူ သုံးဦးအနက် တစ်ဦးသည် ပဉ္ဇင်းခံရန် ရည်ရွယ်၍ အိမ်ပြန်ခြင်းဖြစ်ပြီး သူငယ်ချင်းများနှင့် ဆွေးမျိုးများက အလှူသို့ လိုက်ပါလာခြင်းဖြစ်ကြောင်း ကားသမား၏ ဖြေကြားချက်ကို သတင်းများတွင် ဖော်ပြသည်။
လက်ရှိတွင် သေဆုံးသူများ၏ အလောင်းကို စန်ခရာဘူရီဆေးရုံတွင် ထားရှိထားကြောင်း ဖော်ပြသည်။
ကုန်တင်ကားသည် ထိုးဖားဖမ်းဒေသမှ နယ်စပ်သို့ ကုန်ပစ္စည်းများ ပို့ဆောင်ရန် လာစဉ် တောင်ဆင်းလမ်းအရောက်တွင် မိုးရွာလာသဖြင့် လမ်းချော်ကာ ဘရိတ်ပေါက်သွားခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။
လက်ရှိတွင် ကားတိုက်မှုဖြစ်စဉ် အသေးစိတ်ကို သိရှိနိုင်ရန် ဆက်လက်စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။
Ref: Mcot, Kanchanaburi News, Matichon Online







