BREAKING
October 19, 2025

ရေးမြို့ခံအမျိုးသမီးတစ်ဦးကို စစ်ကောင်စီဖမ်းဆီး

July 23, 2025

Tiktok လူမှုကွန်ရက်ပေါ်တွင် လှုံ့ဆော်ဝါဒဖြန့်သည်ဟုဆိုကာ ရေးမြို့ခံ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်း နီးစပ်သည့် မြို့ခံများက ပြောသည်။

ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၅ နှစ်အရွယ် မယမင်း (ခေါ်) မလင်းလင်းကို ဇူလိုင်လ ၁၈ ရက် ညနေအပိုင်းတွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် နေအိမ်သို့ ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

“သူ့ကို (မယမင်း) Tiktok မှာ လှုံဆော်ဝါဒဖြန့်တယ်ဆိုပြီး ဖမ်းသွားတယ်လို့တော့ သိထားရတယ်။ လက်ရှိမှာ ရေးရဲစခန်းမှာပဲ ထားထားတယ်။ တရားစွဲထားတယ်လို့လည်း သိရတယ်” ဟု မြို့ခံတစ်ခံတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီကမူ မယမင်းသည် ၎င်းအသုံးပြုသည့် “yaminLove” Tiktok အကောင့်မှတစ်ဆင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့အတွက် လှုံ့ဆော်ဝါဒဖြန့်သဖြင့် ဖမ်းဆီးအမှုဖွင့်ထားကြောင်း ဇူလိုင်လ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။

သို့သော် Tiktok ဖော်ပြမှု အသေးစိတ်ကိုမူ ရေးသားထားခြင်း မတွေ့ရပေ။

“yaminLove” Tiktok အကောင့်တွင်မူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့ဖြစ်သည့် ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်က ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံဖြင့် ရုပ်သံတို တစ်ခုကို တင်ထားသည်ကိုသာ တွေ့ရသည်။

လက်ရှိတွင် မယမင်း (ခေါ်) မလင်းလင်းကို ရေးမြို့မရဲစခန်းတွင် ဖမ်းဆီး ချုပ်နှောင်းထားပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၅၀၅ (က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း နီးစပ်သည့် မြို့ခံများထံမှ သိရသည်။

စစ်ကောင်စီက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေသည့် စာများ လူမှုကွန်ရက်စာမျက်နှာပေါ် ရေးသားဖြန့်ဝေသည် စွပ်စွဲပြီး ပြည်သူများကို ဖမ်းဆီးလေ့ရှိသည်။

ယင်းသို့ စွပ်စွဲချက်ဖြင့် မွန်ပြည်နယ်တွင် ဖမ်းဆီးထားသူများကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့် အရေးယူထားသလို အချို့ကိုလည်း အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ထားသည်။