တနင်္သာရီမြစ်ရေစတက်လာသဖြင့် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် လမ်းနှင့်တံတားအချို့ ရေစမြုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဇူလိုင်လ ၂၀ ရက်နေ့ကစကာ ရေစတက်လာပြီးနောက်ရက်များတွင် တဖြည်းဖြည်းတက်လာကြောင်း ဒေသခံများက ဆိုသည်။
ထိုသို့မြစ်ရေတက်လာသဖြင့် ကျေးရွာအချို့တွင် လမ်းနှင့်တံတားများရေမြုပ်သွားပြီး လှေဖြင့်ကူး၍ သွားလာနေရကြောင်း သကျက်ရွာဒေသခံတစ်ဦးက ပြောသည်။
“ရေက နှစ်ရက်အတွင်း တအားများပြီး ဂဏန်းကွင်းရွာကနေ ကွင်းသစ်ရွာလမ်းတွေ မြုပ်ကုန်တော့ လှေနဲ့ပဲ ကူးနေရတယ်။ ကွင်းသစ်တံတားလည်း မြုပ်ပြီ”ဟု အထက်ပါဒေသခံက ဆိုသည်။
ရေမြုပ်နေသည့် လမ်းနှင့်တံတားများ ဖြတ်သန်းသွားလာရန်အတွက် ကိုယ်ပိုင်လှေရှိသူများက ကိုယ်လှေဖြင့် ကူးကြပြီး လှေမရှိသူများက ကူးတို့လှေဖြင့်ကူး၍ သွားလာနေရကြောင်း ဒေသခံအချို့က ပြောသည်။
လက်ရှိတွင် မြစ်ရေတိုးလာသဖြင့် ညောင်ပင်ကွင်းရွာအနီးရှိ ကျွန်းညိုရွာတံတား၊ သကျက်ကျေးရွာအုပ်စု ကွင်းသစ်ရွာ တံတားနှင့် ဂဏန်းကွင်းရွာက လမ်းအချို့ ရေစမြုပ်နေကြောင်း တနင်္သာရီဒေသခံတစ်ဦးက ဆိုသည်။
“မိုးတွေက ရွာလိုက်စဲလိုက်ပဲ။ ရှေ့နှစ်ရက်ကတော့ မိုးအဆက်မပြတ်ရွာလာတယ်လေ။ မြစ်ရေက သိသိသာသာ တိုးလာတယ်။မနှစ်ကလို ရေကြီးမယ်ထင်တာပဲ”ဟု အထက်ပါဒေသခံက ပြောသည်။
ဇူလိုင်လ ၂၂ ရက်နေ့တွင် တနင်္သာရီမြစ်၏ စိုးရိမ်ရေအမှတ် ၁၇ ပေသို့ ရောက်ရှိရန် ၃ ပေသာလိုတော့ကြောင်း သိရသည်။






လက်ရှိတွင် ဝီဖာမုန်တိုင်း၏ အရှိန်ကြောင့် တနင်္သာရီတိုင်းအပါအဝင် ဒေသအများအပြားတွင် မိုးသည်းထန်စွာ ရွာသွန်းနေသည်။
တနင်္သာရီမြစ်က ထားဝယ်အရှေ့တောဒေသတွင် မြစ်ဖျားခံလာပြီး တနင်္သာရီမြို့နယ်ကို ကွေ့ပတ်စီးဆင်းကာ မြိတ်မြို့အနီး ပင်လယ်အတွင်းသို့ စီးဝင်သွားသည်။
ထိုကြောင့် ထားဝယ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပါက တနင်္သာရီမြို့နယ်အတွင်း ရေကြီးလေ့ရှိသည်။
၂၀၂၄ ခုနှစ်တွင် တနင်္သာရီမြို့နယ်တွင် စိုးရိမ်ရေအမှတ်ထက်ကျော်လွန်ပြီး ရေကြီးသဖြင့် တကူရွာတွင် အသက် ၃၅ နှစ်နှင့် ၃၃ နှစ်အရွယ် အမျိူးသားနှစ်ဦး သေဆုံးခဲ့သည်။