BREAKING
October 20, 2025

အလုပ်သမားဝန်ကြီး နုတ်ထွက်ထားသဖြင့် ဘန်ကောက်တွင် တစ်ရက်လုပ်ခ ဘတ် ၄၀၀ ရရန် မသေချာ

June 23, 2025

လာမည့် ဇူလိုင်လ ၁ ရက်မှစ၍ ဘန်ကောက်တွင် တစ်ရက်လုပ်အားခ ဘတ် ၄၀၀ သို့ တိုးမြှင့်ရေးမှာ ထိုင်းအလုပ်သမား ဝန်ကြီး ရာထူးက နုတ်ထွက်ထားသဖြင့် မရေရာ မသေချာဖြစ်နေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဇူလိုင်လ ၁ ရက်မှစ၍ ဘန်ကောက်တွင် လုပ်ကိုင်နေသော အလုပ်သမားအားလုံးကို တစ်ရက် အခြေခံလုပ်အားခ ဘတ် ၄၀၀ သို့ တိုးမြှင့်သတ်မှတ်ပေးရန် ဇွန်လ ၁၇ ရက်တွင် လုပ်အားခတိုးမြင့်ရေးကော်မတီက အတည်ပြုခဲ့သည်။

လက်ရှိတွင် အာဏာရညွန့်ပေါင်းအစိုးရအဖွဲ့ထဲက ဒုတိယအကြီးဆုံးပါတီဖြစ်သော Bhumjaithai ပါတီသည် ညွန့်ပေါင်းအဖွဲ့က ဇွန်လ ၁၉ ရက်တွင် ခွဲထွက်သွားခဲ့ပြီး ပါတီက တာဝန်ယူထားသော ဒုတိယဝန်ကြီးချုပ်၊ ဝန်ကြီးနှင့် ဒုဝန်ကြီးနေရာအားလုံးကိုလည်း ရာထူးက နုတ်ထွက်ခဲ့သည်။

နုတ်ထွက်ထားသော နေရာများတွင် အလုပ်သမားဝန်ကြီး Phiphat Ratchakitprakarn လည်း ပါဝင်နေသဖြင့် ပြီးခဲ့သောအပတ်က အဆိုပြုထားသော လုပ်အားခ တိုးမြှင့်ရေးမှ မသေချာ မရေရာဖြစ်နေခြင်းဖြစ်သည်။

အလုပ်သမားဝန်ကြီး နုတ်ထွက်ထားသဖြင့် မနက်ဖြန် ဇွန် ၂၄ ရက်တွင် ပြုလုပ်မည့် အစိုးရအစည်းအဝေးတွင် လုပ်အားခတိုးမြှင့်ရေး အဆိုပြုချက်ကို ဦးဆောင်တင်သွင်းမည့်သူ မရှိဘဲဖြစ်နေကြောင်း သုံးပွင့်ဆိုင်လုပ်အားခတိုးမြှင့်ရေးကော်မတီဘက်က ဆိုသည်။

ယခင်က အလုပ်ရှင်၊ အလုပ်သမားနှင့် အစိုးရပါဝင်သော သုံးပွင့်ဆိုင်လုပ်အားခကော်မတီဘက်က အတည်ပြုဆုံးဖြတ်ပြီးပါက အလုပ်သမားဝန်ကြီးကတစ်ဆင့် အစိုးရအဖွဲ့အစည်းအဝေးတွင် ထပ်မံအတည်ပြုရန် တင်ပြရခြင်းဖြစ်ကြောင်း ကော်မတီအဖွဲ့ဝင်ဖြစ်သူ Attayut Leeyavanich က ဇွန်လ ၂၁ ရက်တွင် ပြောသည်။

ယင်းမှတစ်ဆင့် ထိုင်းဘုရင်ထံ တင်ပြ၍ လက်မှတ်ထိုး အတည်ပြုပြီးပါက လုပ်အားခတိုးမြှင့်ရေး အတည်ဖြစ်လာမည်ဖြစ်သည်။

ထို့ကြောင့် လာမည့်အစိုးရအစည်းအဝေးတွင် အတည်ပြုနိုင်ရေး အလုပ်သမားဝန်ကြီးဌာန၏ ယာယီဝန်ကြီး သို့မဟုတ် ဒုဝန်ကြီးက တင်သွင်းရန်လိုအပ်မည်ဖြစ်ကြောင်း အထက်ပါအဖွဲ့ဝင်က ပြောဆိုသည်။

ပြီးခဲ့သောအပတ်က ပြုလုပ်သော အစည်းအဝေးတွင် ဘန်ကောက်အပါအဝင် နိုင်ငံတစ်ဝန်းရှိ ခရီးသွားလုပ်ငန်းများ ဖြစ်သော ဟိုတယ်နှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် လာမည့် ဇူလိုင်လ ၁ ရက်မှစ၍ တစ်ရက်အခြေခံလုပ်အား အနည်းဆုံး ဘတ် ၄၀၀ သို့ တိုးမြင့်ရန် အတည်ပြုထားပြီးဖြစ်သည်။

သို့သော်လည်း အလုပ်ရှင်များက ဘန်ကောက်ခရိုင်တစ်ခုတည်း လုပ်အားခ တိုးမြှင့်ရေးသည် အဆင်မပြေကြောင်း၊ ဘန်ကောက်သည် အခြားခရိုင်များနှင့် ဆက်စပ်နေသဖြင့် အခြားနီးစပ်ရာခရိုင်များကိုပါ ထည့်သွင်းစဉ်းစားရန် အကြံပြုထားသည်။

လက်ရှိတွင် ဘန်ကောက်အပါအဝင် နီးစပ်ရာခရိုင်များတွင် တစ်နေ့အခြေခံလုပ်အားခ ၃၇၂ ဘတ်ကို ရရှိနေပြီး ထိုင်းနိုင်ငံရေး ရှုပ်ထွေးလာမှုကြောင့် လာမည့် ဇူလိုင်လတွင် လုပ်အားခ တိုးမြှင့်ရေး အတည်ဖြစ်မဖြစ် စောင့်ကြည့်ရမည်ဖြစ်ကြောင်း ထိုင်းသတင်းတွင် ဖော်ပြသည်။

Ref: The Nation Thailand, Khaosod English