BREAKING
October 20, 2025

ကန်ချနဘူရီတွင် အလုံပိတ်ကားဖြင့် တရားမဝင် ဝင်လာသော မြန်မာ ၄၀ ကျော် ဖမ်းဆီးခံရ

June 23, 2025

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် အလုံပိတ်ကားဖြင့် တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသား ၄၀ ကျော် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ကန်ချနဘူရီခရိုင် ထိုးဖားဖမ်းဒေသထဲသို့ အမြန်လမ်းမကြီးအတိုင်း နိုင်ငံခြားသားများ ကားဖြင့် တရားမဝင် ဝင်လာ နေကြောင်း သတင်းပေးတိုင်ကြားချက်ရရှိခဲ့သဖြင့် နယ်မြေခံအုပ်ချုပ်ရေးမှူးအဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။

ယနေ့ ဇွန်လ ၂၃ ရက် နံနက် ၄ နာရီခန့်တွင် မသင်္ကာဖွယ်ရာ ကားတစ်စီးမောင်းနှင်လာသည်ကို တွေ့ရှိခဲ့သဖြင့် အာဏာပိုင်များက ရပ်တန့်စစ်ဆေးခံရန် အချက်ပြခဲ့ကြောင်း ဆိုသည်။

သို့သော်လည်း ကားက အစစ်အဆေးမခံဘဲ လမ်းကြားထဲသို့ မောင်းနှင်ထွက်ပြေးခဲ့စဉ် လမ်းပိတ်နေပြီး ဆက်မောင်း၍ မရတော့သဖြင့် ဖမ်းမိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

ကားထဲတွင် မြန်မာနိုင်ငံသား အမျိုးသား ၃၂ ဦး၊ အမျိုးသမီး ၈ ဦးနှင့် ကလေးငယ် ၁ ဦး စုစုပေါင်း ၄၁ ဦး လိုက်ပါလာသည်ကို တွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။

၎င်းတို့သည် ရန်ကုန်၊ မော်လမြိုင်၊ ကချင်၊ ဖယ်ခုံဒေသများက လာရောက်ကြခြင်းဖြစ်ပြီး ဘုရားသုံးဆူလမ်းကြောင်းက တစ်ဆင့် ထိုင်းနိုင်ငံထဲသို့ တရားမဝင် ဝင်လာကြကြောင်း ဆိုသည်။

၎င်းတို့အနက် ကလေးအပါအဝင် မြန်မာနိုင်ငံသားအချို့သည် မလေးရှားနိုင်ငံသို့သွားရန် ဝင်လာကြပြီး ခရီးစရိတ်အတွက် ပွဲစားကို ဘတ် ၅၅၀၀၀ အထိ ပေးချေပြီးဖြစ်သည်။

ကျန်သူများသည် ဘန်ကောက်သို့ သွားရန် ဝင်လာကြပြီး ပွဲစားကို ဘတ် ၁၅၀၀၀ ပေးချေထားပြီးဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

ကားသမားလည်း ဖမ်းဆီးခံရပြီး အားလုံးကို ထိုးဖားဖမ်းရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ဥပဒေအရ ဆက်လက်အရေးယူမည်ဖြစ်ကြောင်း ဆိုသည်။

Ref: Kanchanaburi News, MGR Online, JS 100