ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် အခန်းတွဲများအတွင်း အထောက်အထားမရှိသူများ၊ ပန်းရောင်ဘတ်တွင်ပါသော လိပ်စာနှင့် မကိုက်ညီသူများကို ဆက်တိုက်ဖမ်းဆီးလာကြောင်း မဲဆောက်နေ မြန်မာနိုင်ငံသားများထံမှ သိရသည်။
ဇွန်လဆန်းမှစ၍ လျှပ်စစ်စက်ဘီး e-bike နှင့် သုံးဘီးဆိုင်ကယ်များဖမ်းပြီးနောက်ပိုင်း အခန်းတွဲများတွင် အထောက်ထား မပြည့်စုံသူများကို ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုများဆက်တိုက်လုပ်ဆောင်လျက်ရှိကြောင်း ၎င်းတို့က ဆိုသည်။
နေထိုင်၊ အလုပ်လုပ်ခွင့် အထောက်အထားမရှိသော မြန်မာအများစုနေထိုင်သည့် လိုင်းခန်းတွဲများ၊ စျေးဆိုင်များနှင့် လုံးချင်း အိမ်ငှားသည့် နေရာများကို ထိုင်းအာဏာပိုင်များက ဝင်ရောက်ရှာဖွေဖမ်းဆီးနေကြောင်း လိုင်းခန်းနေ မြန်မာတစ်ဦးက ပြောဆိုသည်။
ရွှေ့ပြောင်းကျောင်းသူတစ်ဦးကမူ “အထောက်အထားမရှိလို့ တခြားပြောင်းနေရမယ်” ဟု လတ်တလော ၎င်းကြုံတွေ့နေရသည့် အခြေအနေကို ပြောသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားအချို့သည် တရားဝင်နေထိုင်ခွင့်အထောက်အထား မရှိကြသူများရှိသလို အချို့ကလည်း နေထိုင်အလုပ်လုပ်ခွင့်ကတ် (ပန်းရောင်ဘတ်) တွင် ဖော်ပြထားသည့် လိပ်စာနှင့် အမှန်တကယ်နေထိုင်သည့်နေရာ မကိုက်ညီပါကလည်း ဖမ်းဆီးခံရကြောင်း မဲဆောက်ရောက်မြန်မာအချို့ကပြောဆိုသည်။
“(ထိုင်းလူမျိုး) သူဌေးမကတော့ ဒီနေ့တောမော (ထိုင်လဝက) လာမယ်လို့ပြောပြီး အခန်းအားလုံးမှာရှိတဲ့ အလုပ်သမားကတ်ကို ယူပြီး လိပ်စာတွေလိုက်စစ်နေတယ်” ဟု အခန်းတွဲနေသူ အခြားတစ်ဦးက ပြောသည်။
နေထိုင်အလုပ်လုပ်ကိုင်ခွင့် အထောက်အထား မရှိသူများကိုမူ အခန်းတွင်မနေဘဲ အခြားနေရာသို့ ရွှေ့ပြောင်းနေထိုင်ရန် အိမ်ပိုင်ရှင်ဘက်က သတိပေးထားကြောင်းလည်း တရားဝင် အထောက်အထားမရှိဘဲ နေထိုင်သူတစ်ဦးက ဆိုသည်။
နေထိုင်သည့်နေရာနှင့် ပန်းရောင်ဘတ်တွင်ရှိသည့် လိပ်စာမတူပါက အိမ်ရှင်ဖြစ်သူသည် အိမ်ငှားနေထိုင်ခွင့်ပြုသည့် အချိန်မှစ၍ ၂၄နာရီအတွင်း ထိုင်းအာဏာပိုင်တို့ထံ အကြောင်းကြားရမည်ဟု ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားသည်။
ဖမ်းဆီးမှုများကြောင့် အိမ်ပိုင်ရှင်များက နေထိုင်ခွင့်မပြုတော့သဖြင့် မြန်မာနိုင်ငံသားများ နေထိုင်ရေးအတွက် အခက်အခဲများစွာနှင့် ရင်ဆိုင်နေရကြောင်း မဲဆောက်ရောက် မြန်မာများထံမှ သိရသည်။







