အာဏာသိမ်းပြီး လေးနှစ်ကြာလာသည်နှင့်အမျှ နိုင်ငံအတွင်း ဒေသတော်တော်များများမှာ စစ်ဘေးဒဏ်ကို အလူးအလဲ ခံနေရသည့်အလျောက် ကျရောက်လာနိုင်သေးသည့် သဘာဝဘေးဒုက္ခတွေကို သတိမမူနိုင်ကြတော့ပေ။
တနင်္သာရီတိုင်းမှာဆိုရင်လည်း စစ်ဘေးဒဏ်ကို ရင်ဆိုင်နေရသလို နောက်ဆက်တွဲအနေနဲ့ နေရပ်စွန့်ခွာရမှုနှင့် စီးပွားရေး ကျပ်တည်းမှုများကို ရင်ဆိုင်နေရပါတယ်။
သို့သော် မနီးမဝေးမှာ ဒေသခံများအပေါ် ကျရောက်လာနိုင်တဲ့ ကပ်ဘေး တစ်ခုကလည်း စောင့်ကြိုလျက်ရှိနေပါသေးတယ်။
နေ့စဉ်ဘဝ ကျန်းမာစွာရှင်သန်ဖြစ်ထွန်းဖို့ လိုအပ်တဲ့ ရေချိုအရင်းအမြစ်ဟာဆိုရင် တနင်္သာရီတိုင်းအတွင်း တစ်စထက်တစ်စ ရှားလာတယ်လို့ ပြောလို့ရနိုင်ပါတယ်။
ဘာကြောင့် ဒီလိုဖြစ်လာရတာလဲဆိုတာနဲ့ ဘာတွေဆက်ဖြစ်ပြီး ဘယ်လိုအခြေအနေ တွေ ရောက်သွားနိုင်တယ်ဆိုတာကို လေ့လာသုံးသပ်ကြည့်ဖို့ လိုအပ်နေပါတယ်။
ပြုန်းတီးလာသောသစ်တော ရှားပါးလာသောရေချို

ပထမဆုံးအနေနဲ့ ရေချိုသံသရာလည်ပတ်ရေးအတွက် အရေးပါတဲ့ သစ်တောဧရိယာများမှာ တနှစ်ထက်တစ်နှစ် ပျောက်ကွယ်လျော့ပါးလာနေပါတယ်။
မြန်မာနိုင်ငံတဝန်းရှိ သစ်တောများအနက် တနင်္သာရီသစ်တောမှာ သဘာဝ အရင်း အမြစ် ပေါများလှပြီး ဒေသခံများအတွက်သာမက တောတွင်းမှီ သတ္တဝါများအတွက် အရေးပါလှပါတယ်။
သို့သော်ငြား လည်း ၂၀၀၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ အနှစ် ၂၀ အတွင်း ကမ္ဘာ့သစ်တော စောင့်ရှောက်ရေးအဖွဲ့အစည်းက ကောက်ယူ ထားတဲ့ စစ်တမ်းများအရ ဒေသအတွင်း သစ်တောဧကပေါင်း ငါးသိန်းကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
စစ်အစိုးရ လက်ထက်မှာဆိုရင် တနင်္သာရီတိုင်းမှာ ဆီအုန်းစီမံကိန်းတွေကြောင့် သစ်ပင်တွေကို အပြောင်းရှင်းခဲ့သလို သစ်ထုတ်ယူမှုတွေကြောင့်လည်း သစ်တောတွေ ပြုန်းတီးခဲ့တာတွေ့ရပါတယ်။
သစ်တောပြုန်းတီးမှု အဓိက အကြောင်းအရင်းတွေကတော့ တရားမဝင် သစ်ထုတ်တာ၊ ဆီအုန်းပင်၊ ရော်ဘာပင်နဲ့ စိုက်ပျိုးမြေ ချဲ့ထွင်တာ၊ ထားဝယ်စီးပွါးရေးဇုန်အတွက် လမ်းတံတား ဖောက်လုပ်တာ၊ သတ္တုမိုင်းမြေချဲ့ထွင်တာနဲ့ တရားဥပဒေ စိုးမိုးမှု လျော့နည်းမှုတို့ကြောင့် ဖြစ်တယ်လို့ ဆိုထားပါတယ်။ ကမ်းရိုးတန်းဒေသမှာတော့ အလွန်အကျူး မီးသွေးထုတ်လုပ်မှုတွေကြောင့် ဒီရေတောများ ပြုန်းတီးလာနေပါတယ်။
အာဏသိမ်းပြီးနောက်ပိုင်းမှာတော့ တရားမဝင် လုပ်ငန်းတွေ ပြန်လည်ခေါင်းမော့ လာသည့်အမျှ သစ်တောပြန်းတီးမှုမှာ ယခင်ကထက် ပိုများလာပြန်ပါတယ်။ စစ်ရေးပဋိပက္ခ ရှေ့တန်းရောက်လာပြီး သဘာဝပတ်ဝန်းကျင်အရေးတွေ နောက်ဆုတ်သွားရတဲ့ အခြေအနေမှာလည်း အထိန်းအကွပ်မဲ့ သစ်ထုတ်မှုတွေကလည်း ပိုမိုဆိုးဝါးနေဆဲဖြစ်ပါတယ်။
ထိန်းသိမ်းကာကွယ်ထားတဲ့ သစ်တောကြိုးဝိုင်းတွေထဲမှာပင် သစ်ထုတ်ယူတွေ၊ သတ္တုတူးဖော်မှုတွေ မြင့်တက်လာတာကြောင့် သစ်တောပြုန်းတီးမှုတွေ အခြေအနေ ဆက်လက်ဆိုးဝါးနေပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ဒေသအတွင်း သစ်တောပြန်းတီးမှုဟာ အရင်ကထက် နှစ်ဆတိုးလာတယ်လို့ ကမ္ဘာ့သစ်တော စောင့်ရှောက်ရေးအဖွဲ့အစည်းရဲ့ အချက်အလက်တွေအရ သိရပါတယ်။
ထိုင်းနယ်စပ်တလျှောက် တရားမဝင် မီးသွေး သယ်ယူမှု မြင့်တက်လာတာကြောင့် ဒီရေတောတွေကို မီးသွေးအဖြစ်ဖုတ်ရောင်းချ လာတာကိုလည်းတွေ့ရပါတယ်။ အဓိကအားဖြင့် ထားဝယ်၊ လယ်ညာ၊ ဘုတ်ပြင်းနဲ့ ကော့သောင်းစတဲ့နေရာတွေမှာ ပြုန်းတီးမှုကို ပိုမိုတွေ့ရှိလာရပါတယ်။
စစ်ရေးပဋိပက္ခကို အခွင့်ကောင်းယူပြီး သစ်ခိုးထုတ်မှု ပိုမိုဆိုးရွားလာပြီး ကမ္ဘာ့သစ်တော စောင့်ရှောက်ရေးအဖွဲ့အစည်းရဲ့ အချက်အလက်အရ အာဏာသိမ်းပြီးနောက် ၂၀၂၁ ကနေ ၂၀၂၂ အထိ ၂နှစ်အတွင်း သစ်တောဧက ခုနစ်သိန်းလောက် ပြုန်းတီးတယ်လို့ ဆိုထားပါတယ်။ အဲဒီထဲမှာ တနင်္သာရီတိုင်းက နှစ်သိန်းကျော်ပါဝင်တယ်လို့ သိရပါတယ်။
ဒေသအတွင်း လူဦးရေတိုးပွားလာမှု၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးဆိုင်ရာ အကြောင်းရင်းများကြောင့် သစ်တော ဧရိယာ တော်တော်များများက ခုတ်ထွင်ခံနေရသလို တောင်ကုန်းနေရာများက မြေပြန့်ပုံစံ ပြောင်းလဲခံလာ နေရပါတယ်။
ထိုကဲ့သို့ ပြောင်းလဲမှုနှင့်အတူ ကပ်ပါလာတဲ့ ရေချိုအရင်းအမြစ် ညစ်ညမ်းရှားပါးမှု၊ အငတ်ဘေးဆိုက်ရောက်နိုင်မှုနှင့် ရောဂါ ဝေဒနာများ ပေါများလာမှုများလည်း ကျရောက်လာနိုင်ဖွယ်ရှိပါတယ်။
သစ်တောပြုန်းတီးမှုက ရေချိုရှားပါးလာမှုနဲ့ ဘယ်လိုပတ်သက်နေပါသလဲ။ သစ်တောများက ဒေသအတွင်း ရေသံသရာ ကောင်းမွန်စွာလည်ပတ်ကာ သန့်စင်ပေါများစေဖို့ အရေးပါလှပါတယ်။ သစ်ပင်အမြစ်တစ်ချောင်းချင်းစီက မြေအောက်ရေ အလွှာများ မခန်းခြောက်သွားဖို့ ကာကွယ်ပေးနိုင်ကြပါတယ်။
သစ်တော ရေငွေ့ပြန်မှုက မိုးရေချိန်အနည်းအများအပေါ် သက်ရောက်မှု ရှိသောကြောင့် သစ်တောဧရိယာ ကျယ်ပြန့်လေ သင့်တင့်သော ရာသီဥတုဖြစ်ထွန်းနိုင်လေပင်။
သို့သော် ပြုန်းတီးလာသော သစ်တောများကြောင့် ဒေသအတွင်း မိုးရေချိန်နည်းပါးလာသလို လယ်ယာမြေစိုက်ပျိုးရေးကို ထိခိုက်လာ နေပါတယ်။ တစ်ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု ပြောင်းလဲလာမှုနှင့် ဒေသအတွင်း သစ်တောပြန်းတီးမှုက ရေချို ရှားပါးလာမှုအပေါ် သက်ရောက်နေပါတယ်။
မြို့ပြချဲ့ထွင်မှုနဲ့ ရေအရင်းအမြစ်ဆုံးရှုံးမှု

တနင်္သာရီတိုင်းအတွင်းမှာ မြို့ပြ၊ ကျေးရွာချဲ့ထွင်တဲ့ အိမ်ရာစီမံကိန်းများကလည်း ရေအရင်းအမြစ် ရှားပါးညစ်ညမ်းလာမှုနှင့် ဆက်နွယ်လျက်ရှိနေပါတယ်။ ၎င်းတို့အသုံးပြုသော မြေကွက်ရှင်းလင်းရေးက သစ်ပင်အများအပြား တပြိုင်နက် ခုတ်ထွင် ရသောကြောင့် သစ်တောပြုန်းတီးမှုကိုဖြစ်စေကာ မြေအောက်ရေသိုလှောင်နိုင်မှု လျော့နည်းလာကာ ရေချိုခမ်းပါးမှု ပိုမြန်လာပြီး ရှားပါးလာစေနိုင်ပါတယ်။
ဒါ့အပြင် အိမ်ရာတည်ဆောက်မှုနှင့်အတူ တွဲလျက်ပါလာတဲ့ လမ်းတံတားတည်ဆောက်ခြင်းများကလည်း ရေချို ရှားပါး ညစ်ညမ်းလာမှုကို များစွာ သက်ရောက်လျက်ရှိပါတယ်။
ဥပမာ အိမ်ရာရပ်ကွက်အတွင်း သွားလာလှုပ်ရှားရေးအတွက် လမ်းကြား၊ လမ်းမများကို ကွန်ကရစ် အပိတ်လောင်းခြင်းနှင့် ခြံဝင်းအတွင်း မြေနေရာမချန်ဘဲ ကွန်ကရစ် ကြမ်းပြင် အသေလောင်းခြင်းများက မိုးရေများကို သဘာဝအတိုင်း မြေကြီးထဲ စိမ့်ဝင်မှုလျော့နည်းစေကာ မြေအောက်ရေကို လျော့နည်းစေပါတယ်။
ဒါကြောင့် နိုင်ငံရေးမတည်မငြိမ်မှုကို အသုံးချကာ ရောင်းဝယ်ဖောက်ကားလျက်ရှိသော အိမ်ခြံမြေ စျေးကွက်မှာ အရင်းရှင်များအတွက် ငွေအိတ်ထမ်းစေနိုင်သော်လည်း အခြေခံလူတန်းစားနှင့် လူလတ်တန်းစား အတွက်မူ ဘေးဒုက္ခကို အိတ်နှင့်သယ်ရမည့် အဖြစ်ပေသာဟု ပြောရေပေမည်။
ထားဝယ်စီမံကိန်းနဲ့ပါလာမယ့် ဆိုးကျိုး
နှစ်ပေါင်းများစွာ အငြင်းပွားဖွယ်ရာ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းပြန်လည် အသက်ဝင်လာမှုကလည်း ဒေသအတွင်း သစ်တောပြုန်းတီးမှုနှုန်းနှင့် ရေချိုညစ်ညမ်းလာမှုအပေါ် လွှမ်းမိုးလာလျက်ရှိနေပါတယ်။ ဆယ်စုနှစ်ကျော်ကြာသည့်အတိုင် ထားဝယ်ရေနက်ဆိမ်ကမ်း ဆောက်လုပ်ရေးမှာ မပြီးစီးသေးသည့်တိုင်သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း စစ်အစိုးရမှ အရှိန်တင်ရန် ကြိုးပမ်းလာနေပါတယ်။
ဆောက်လုပ်ရေးအတွက် လိုအပ်သော မြေနေရာရှင်းလင်းမှုနှင့် သဘာဝ ပတ်ဝန်း ကျင်ကို သေချာလေ့လာမှု မပြုလုပ်ဘဲ စီစဉ်ဆောင်ရွက်လာမှုတွေက အနီးအနားပတ်ဝန်းကျင်ရှိ ဒေသခံတို့ရဲ့ စားဝတ်နေ ရေးနှင့် ရေချိုရှားပါးလာမှုကို သက်ရောက်လာနိုင်ပါတယ်။
စီမံကိန်းမှ စွန့်ပစ်ရေဆိုး အညစ်အညမ်းများက ရေချို အရင်းအမြစ်များကို အဆိပ်သင့် ညစ်ညမ်းစေနိုင်ပြီး ဒေသခံတို့ရဲ့ စိုက်ပျိူးရေးအတွက် ရေချိုရှားပါးလာစေနိုင်ပါတယ်။
မှိုလိုပေါက်လာတဲ့ သတ္တုလုပ်ကွက်တွေ

ခဲသတ္တုတူးဖော်ရာ မိုင်းတွင်းစီမံကိန်းများကလည်း ဒေသအတွင်း ရေချိုညစ်ညမ်းလာရတဲ့ နောက်ထပ် အကြောင်းအရင်း တစ်ခုဖြစ်ပါတယ်။ အရပ်သားအစိုးရလက်ထက်ကပင် မိုင်းတူးတဲ့ကုမ္ပဏီများက ပါမစ်ထက်ကျော်လွန်ကာ တူးဖော်ထုတ်ယူ တဲ့ အစဉ်အလာများရှိခဲ့ရာမှ ယခုအာဏာသိမ်းပြီးနောက်ပိုင်း ယခင်ထက် တရားမဝင် တူးဖော်သူများ များပြားလာနေ ပါတယ်။ တော၊တောင် ဥယျာဉ်ခြံမြေတွေမကတော့ နေအိမ် ရပ်ရွာထဲမှာအထိ အထိန်းအကွက်မဲ့ ပရမ်းပတာ တူးယူလာကြတာ ဖြစ်ပါတယ်။
Dawei Watch က ဖော်ပြခဲ့တဲ့ ‘မြေလွှာကိုဖွင့် ပြည်ကိုဖျက်အံ့’ မှာ စုံစမ်းဖော်ထုတ်တွေ့ချက်အရဆိုရင် တနင်္သာရီုတိုင်းထဲမှာ အာဏာသိမ်းပြီးနောက် သတ္တူလုပ်ကွက် ဧရိယာသုံးဆကျော် တိုးလာပြီး ဧက အားဖြင့်ဆိုရင် နှစ်သောင်းခွဲကျော် ရှိလာတယ်လို့ ဖော်ပြပါတယ်။
သစ်တောနေရာတေါ ရှင်းလင်းကာ နည်းစနစ်မကျ အလွန်အကျွံ ထုတ်ယူသုံးစွဲလာမှုများ ကြောင့် အနီးအနား ကျေးရွာများရှိ ဒေသခံများ အားထားရာ မြစ်ချောင်းအင်အိုင်များ ပိုမိုညစ်ညမ်းလာသည့် အခြေအနေများ ပေါ်ပေါက်လာနေပါတယ်။
နွေရာသီအချိန်၌ ရေတွင်း၊ မြစ်ချောင်းများ ပိုမိုမြန်ဆန်စွာ ခမ်းခြောက်လာသလို ရေစေးကပ်သည့် ဖြစ်ရပ်များကြောင့် ဒေသအတွင်း အရေပြားရောဂါ ဖြစ်ပွါးတာတွေလည်း ပိုမိုကြုံတွေ့လာနေရပါတယ်။
အာဏာသိမ်ပြီးနောက်ပိုင်း တနင်္သာရီမြစ် အပါအဝင် ဒေသအတွင်း မြစ်ချောင်းအင်းအိုင်များက တရားမဝင် စီးပွားရေးချဲ့ထွင်မှုများကြောင့် သိသိသာသာ ညစ်ညမ်းလာနေပါတယ်။ သို့ပေမဲ့ ထိုကဲ့သို့ ညစ်ညမ်းမှုများက မျက်ကွယ် အပြုထားခံနေရသလို ဒေသခံများကလည်း စစ်ရေးကြောင့် သတိမမူနိုင်ပုံပင်။
သတ္တုမိုင်းတွင်းနေရာများနှင့် စိုက်ပျိုးရေးခြံများစသော နေရာများမှ စီးဆင်းလာသော ဓာတုပိုးသေးဆေး၊ ဓာတ်မြေဩဇာ၊ မာကျူရီ ပျော်ရည်များက အနီးအနားရှိ မြစ်ချောင်းများကို ထိခိုက်စေကာ ၎င်းနေရာအတွင်း နေထိုင်သူများရဲ့ နေရေးအတွက် ထိခိုက်လာနေပါတယ်။
တနင်္သာရီမြစ်ကြောင်းတစ်လျှောက် ခဲသတ္တုအများအပြား တူးဖော်လာခြင်းကြောင့် မြစ်ချောင်းအတွင်းရှိ ရေချိုများ ခဲအဆိပ်သင့်မှု များပြားလာနေလျက်ရှိပါတယ်။ ဒေသတချို့မှာ ယခင် ချိုးရေ၊ သောက်ရေ အားထားရာ ချောင်းမြစ်များက ခဲအဆိပ်သင့်ဟန် တူလာသောကြောင့် ပစ်ပယ်ထားရပါတယ်။
ထိုကဲ့သို့ ရေအရည်အသွေး ပျက်စီးလာမှုနှင့်အတူ အရေပြားရောဂါ၊ သောက်သုံးရေပြဿနာနှင့် အစာအိမ် ရောဂါ ပြဿနာများကို ဒေသခံများ ခံစားလာနေရပါတယ်။
သစ်တောပြန်းတီးမှုနဲ့ ရေချိုရှားပါးလာမှုက ဒေသခံတို့ရဲ့ လူနေမှုပုံစံကို အနည်းနည်း အဖုံဖုံဖြင့် ထိခိုက်လာနေပါတယ်။ တောတောင်ရေမြေထွက် သန့်ရှင်းသော ရေချိုအရင်းအမြစ်၊ ဆေးဝါးအပင်များနှင့် အစားအသောက်များက ဒေသခံတို့ အတွက် အရေးပါပါတယ်။ ခဲအဆိပ်သင့်ရေများကို အသုံးပြုခြင်းက ဒေသခံတို့ရဲ့ နေ့စဉ်စားရေးသောက်ရေး အတွက် စိုးရိမ်စရာဖြစ်လာနိုင်ပါတယ်။
ပြုန်းတီးပျောက်ကွယ်လာသော သစ်တောနှင့်အတူ ရိုးရာနေထိုင်မှုများပါ ပျောက်ဆုံး လာနေပါတယ်။ သန့်စင်သော ရေချိုရှိရေးက ဒေသခံတို့အတွက် အရေးပါလာပြီး နေရာအသစ်များသို့ ပြောင်းရွှေ့နေထိုင်ရန်လိုအပ်လာနိုင်ပါတယ်။
ရေချိုအရေး အလေးထားဖို့လိုပြီ

ရေချိုရှားပါးလာမှုနှင့် နောက်ဆက်တွဲ ဖြစ်လာနိုင်သော ပြဿနာများကိုလည်း ထည့်သွင်းစဉ်းစား ထားရန် လိုအပ်လာပါတယ်။ သစ်တောပြုန်းတီးမှုနှင့် ရေချိုရှားပါးလာမှုက ဒေသအတွင်း စီးပွားရေး၊ လူမှုရေးအဝဝကို ထိခိုက်လာစေနိုင်ပါတယ်။ စိုက်ပျိုးရေ၊ သောက်သုံးရေ ရှားပါးလာသည့်အမျှ အစာသောက် ဖူလုံရေးနှင့် ဒေသအတွင်း ကျန်မာရေး ပြဿနာများ များပြားလာနိုင်ပါတယ်။
ဒါ့အပြင် တနင်္သာရီတိုင်းလို ကမ်းရိုးတန်းဒေသအတွက် မြေအောက်ရေကို အလွန်အကျွံ သုံးစွဲမှုက ဆားငံရေ ဝင်ရောက်စေနိုင်ကာ မြေအောက်ရေပါ ညစ်ညမ်းလာပြီး ရေအရင်းအမြစ် ပိုဆုံးရှုံးလာနိုင်တာကို သတိပြုဖို့ လိုအပ်ပါတယ်။
လူဦးရေတိုးပွါးလာမှုနှင့် အိမ်ရာမြေချဲ့ထွင်မှုက မြေအောက်ရေ သုံးစွဲမှုကို မြင့်တက်လာစေပြီး ကမ်းရိုးတန်းနီးဒေသတွေအတွက် မြေလွှာများအကြား ရေချိုအစား ဆားငံရေဝင်ရောက်လာကာ မြေဆားဖောက်ခြင်းနှင့် စိုက်ပျိုးမြေများလည်း ဆုံရှုံးနိုင်လာပါတယ်။
ပြုန်းတီးလာသော သစ်တောများက ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ အပူလွန်ကဲမှု၊ ရေကြီးရေလျှံမှု၊ မိုးခေါင်ရေရှားမှု ဖြစ်စဉ်များကို ဒေသအတွင်း ပိုမိုဖြစ်ပွားလာဖို့ ဖိတ်ခေါ်သလို ဖြစ်နေပါတယ်။
ဒေသအတွင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်မှုလုပ်ငန်းစဉ်များမှာ အရပ်သားအစိုးရ လက်ထက်ကတည်းက အားနည်းသလို အခုအာဏာသိမ်းပြီးနောက် လုံးလုံး မရှိသလောက် ဖြစ်သွားခဲ့ပြီ။
ဒေသခံများအကြား စစ်ရေးနဲ့ တော်လှန်ရေးက ပိုမိုအရေးပါပြီး အရင်ဖော်ဆောင်သင့်ကြောင်းနှင့် ကျန်သော သဘာဝပတ်ဝန်းကျင် အရေးကိစ္စများကို နောက်မှသာ လုပ်ဆောင်သင့်ကြောင်း ယူဆနေကြပါတယ်။
သို့သော် မနှောင်းခင် ကာကွယ် မလုပ်ဆောင်နိုင်ပါက ရေချိုရှားပါးလာမှုကို မတားမြစ်နိုင်တဲ့ အခြေအနေကို ရောက်သွားနိုင်ကြောင်းကို သဘာပတ်ဝန်ကျင်အရေး လေ့လာသူများက ထောက်ပြသတိပေးထားကြပါတယ်။
ဒေသအတွင်း သစ်တောနဲ့ ရေချိုပြန်းတီးလာမှုအပေါ် ဒေသခံများအကြား အသိပညာဝေမျှမှုများ လုပ်ဆောင်ပေးရန် လိုအပ်နေပါတယ်။ ဒါ့အပြင် ရေချိုအရင်းအမြစ် ပိုမိုရရှိလာရန် မိုးရေစုဆောင်းခြင်းနှင့် ရေသန့်စင် နည်းလမ်းများ ဖြန့်ဝေးပေးရန် လိုအပ်နေပါတယ်။
ဥပမာ မိုင်းတွင်းရေအဆိပ်သင့် နေရာများအတွက် အရေးပေါ် ရေသန့်စင်ရေးနှင့် ပတ်သက်သော လုပ်ငန်းစဉ်များကို ဖြန့်ဝေပေးသင့်သလို ဆောင်ရှန်ရှောင်ရန်များကိုလည်း အထူးသတိပေးဖို့ လိုအပ်နေပါတယ်။
ဒေသအတွင်း ကျန်ရှိနေသေးတဲ့ ရေဝပ်နေရာများနှင့် ရေချိုချောင်းများကို ရှာဖွေစိစစ်ပြီး ကာကွယ်ပေးရန် လိုအပ်လှပါတယ်။ ဒေသများအတွင်း လူထုအခြေပြု ကိုယ်ထူကိုယ်ထ သစ်တောပြန်လည် စိုက်ပျိုးပေးခြင်းကိုလည်း ပြုလုပ်ပေးသင့်ပါတယ်။ မိုင်းတွင်းချဲ့ထွင်မှုများနှင့် အိမ်ရာချဲ့ထွင်နေမှုများကို တရားဥပဒေအရ ထိန်းသိမ်းကွပ်ကဲရန် လိုအပ်ပါတယ်။
ဒါ့ကြောင့် ဒေသအတွင်း ရေချိုရှားပါးမှု ကာကွယ်ရန် တရားဥပဒေ စိုးမိုးမှုအပေါ် လိုအပ်သလို ဒေသခံတို့ရဲ့ တက်ကြွစွာ ပါဝင်ဆောင်ရွက်ပြီး မနှောင်းခင် ကာကွယ်လုပ်ဆောင်သင့်ကြောင်း တိုက်တွန်းလိုက်ရပါတယ်။
အန်ခရောင်း