BREAKING
May 23, 2025

ထိုင်းမိန်းကလေးနှစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည်ဆိုပြီး မြန်မာတစ်ဦးဖမ်းဆီးခံရ

May 23, 2025

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ပတ္တယားဒေသတွင် အသက် ၁၇နှစ်နှင့် ၂၀နှစ်အရွယ် ထိုင်းမိန်းကလေးနှစ်ဦးကို လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးခဲ့‌ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

မေလ၂၂ ရက်က စီရချားဒေသရှိ နေထိုင်ရာအခန်းထဲတွင် အသက် ၂၇ နှစ်အရွယ် မြန်မာနိုင်ငံသားကို ပတ္တယားရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူသည် မွန်ပြည်နယ် ကျိုက်မရောဒေသခံတစ်ဦးဖြစ်ပြီး ပတ္တယားဒေသတွင် ပလာတာရောင်းနေသူဖြစ်ကြောင်း ဆိုသည်။

မေလ ၂၀ ရက်က မြန်မာနိုင်ငံသားသည် ထိုင်းမိန်းကလေးနှစ်ဦးကို အဓမ္မပြုကျင့်ခဲ့ပြီးနောက် ဖုန်းများကို ခိုးယူကာ ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို သတင်းများတွင် ဖော်ပြသည်။

အဆိုပါအမျိုးသားကို CCTV မှတ်တမ်းများကတစ်ဆင့် ခြေရာခံလိုက်လံစုံစမ်းစစ်ဆေးခဲ့ပြီးနောက် ၎င်း၏ နေထိုင်ရာ အခန်းထဲကို ဝင်ရောက် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အခင်းဖြစ်သောနေ့တွင် ဝတ်ဆင်ခဲ့သော လွယ်အိတ်၊ ခိုးယူသွားသော မိုဘိုင်းဖုန်းနှစ်လုံးနှင့် ဆိုင်ကယ်တို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

သွားရောက်ဖမ်းဆီးစဉ်တွင် မြန်မာနိုင်ငံသားသည် ရဲတပ်ဖွဲ့ကို ဘတ် ၁၅၀၀၀ လာဘ်ထိုးခဲ့ပြီး ၎င်းကို မဖမ်းဘဲ ပြန်လွှတ် ပေးရန် စည်းရုံးခဲ့သေးကြောင်း ဆိုသည်။

အဆိုပါအမျိုးသားသည် ငွေပေး၍ ထိုင်းအမျိုးသမီးနှစ်ဦးထံမှ လိင်ဝန်ဆောင်မှု ရယူခြင်းဖြစ်ပြီး ၎င်းတို့နှစ်ဦးကလည်း ခွင့်ပြုသဖြင့် ရယူခဲ့ခြင်းသာဖြစ်သည်ဟု ရဲတပ်ဖွဲ့ထံတွင် ထွက်ဆိုကြောင်း သတင်းတွင် ဖော်ပြသည်။

အဓမ္မပြုကျင့်မှု၊ ကိုယ်ထိလက်ရောက် နှောက်ယှက်စော်ကားမှုနှင့် အလစ်သုတ်ခိုးယူမှုများဖြင့် အဆိုပါအမျိုးသားကို တရားစွဲထားကြောင်း ဖော်ပြသည်။

Ref: Khaosod English, MGR Online, CH 7