ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရေးမြို့နယ်အတွင်း တိုက်ပွဲ ပြန်လည်ပြင်းထန်

March 23, 2026

ပုံစာ - ရေးမြို့နယ်အတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ (ပုံဟောင်း) ။ ဓာတ်ပုံ - မွန်ပြည်တော်လှန်ရေးတပ်။

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

ရေးမြို့နယ်မြောက်ပိုင်း အောင်သာယာနှင့် လိမ္မော်ခြံကျေးရွာအနီးတစ်ဝိုက်တွင် မတ်လ ၁၉ ရက်က တိုက်ပွဲဖြစ်ပွားနေပြီး ယနေ့ မတ်လ ၂၃ ရက်အထိ နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

အင်အားတစ်ရာကျော်ပါသည့် စစ်အာဏာရှင်တပ်ဖွဲ့သည် ရေးမြောက်ပိုင်းဘက်ရှိ ကျေးရွာများအတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားကြောင်း ၎င်းတို့က ဆိုသည်။

“ဒီရက်ပိုင်း သေနတ်သံတွေ ပြန်ကြားနေရတယ် နေ့တိုင်းပဲ။ စစ်ကြောင်းတွေ ဝင်လာရင်တော့ ဖြစ်မှာပဲ၊ ဒီနေရာတွေက တော်လှန်ရေးအဖွဲ့တွေ ရှိတယ်လေ။ စစ်ကြောင်းပြန်ထွက်ရင်တော့ ပြန်ငြိမ်သွားမယ်။ စစ်ကြောင်း ဆက်ရှိနေရင် ဆက်ဖြစ်နေမှာပဲ” ဟု ရေးမြောက်ပိုင်းဒေသခံတစ်ဦးက ပြောဆိုသည်။

တိုက်ပွဲအတွင်း နှစ်ဖက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေသလို ရေးအခြေစိုက် စစ်အာဏာရှင်တပ်စခန်းများကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ၎င်းက ပြောသည်။

စစ်အာဏာရှင်တပ် စစ်ကြောင်းများ ရှိနေဆဲဖြစ်သဖြင့် တိုက်ပွဲများ ဆက်ဖြစ်လာနိုင်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ဆိုသည်။

တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်ဘက်က အထိနာနေပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း ထိခိုက်သေဆုံးမှုရှိနေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

“အခြေအနေကတော့ တင်းမာဆဲ ပြောလို့ရတယ်။ တိုက်ပွဲမှာ သူတို့ (စစ်တပ်) ဘက်က အထိအခိုက်များတယ်။ တော်လှန်ရေးဘက်ကလည်း ထိခိုက်တာရှိတယ်။ အသေးစိတ်တော့ မပြောနိုင်သေးဘူး” ဟု ၎င်းက ပြောသည်။

စစ်အာဏာရှင်တပ်စစ်ကြောင်းက ဖမ်းဆီးစစ်ဆေးခြင်း၊ တိုက်ပွဲများဖြစ်ပွားခြင်းတို့ကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ကြရကြောင်း ဒေသခံများထံမှ သိရသည်။

မတ်လ ၈ရက်ကလည်း အောင်သာယာကျေးရွာအနီးတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား တစ်ရက်အတွင်း တိုက်ပွဲ သုံးကြိမ် ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလလယ်ပိုင်းကလည်း စစ်အာဏာရှင်တပ်က စစ်ကြောင်းနှစ်ကြောင်းဖြင့် ရေးမြို့နယ် မြောက်ပိုင်း ကျေးရွာများသို့ ဝင်ရောက်လာသဖြင့် တော်လှန်ရေးတပ်တို့နှင့် တိုက်ပွဲပြင်းထန်ခဲ့သည်။

ရွေးကောက်ပွဲအပြီး ဖေဖော်ဝါရီလဆန်းပိုင်းမှစတင်ကာ ရေးမြို့နယ်အတွင်းသို့ စစ်အာဏာရှင်တပ် လက်နက်အင်အား၊ တပ်သားအင်အားများ တိုးမြှင့်ထားပြီး ဒေသအတွင်းရှိ တပ်ရင်း၊ တပ်စခန်းများတွင် အင်အားဖြည့်တင်းထားကြောင်း ဒေသတွင်းက စစ်ရေးအခြေအနေကို စောင့်ကြည့်နေသူများ၏ ပြောဆိုချက်အရ သိရသည်။

ထိုသို့ စစ်အင်အားတိုးမြှင့်လာပြီး ကျေးရွာများဘက်သို့ စစ်ကြောင်းထိုးခြင်း၊ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲနေရာယူမှု ပြုလုပ်လာသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့တို့နှင့် မကြာခဏ ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားနေသည်။