ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ငါးဖမ်းပိုက်တွင် ဖမ်းမိသည့် ဧရာဝတီလင်းပိုင်ကို ဘုတ်ပြင်းရေလုပ်သားများ ပြန်လွှတ်ပေး

January 23, 2026

ပုံစာ - ဘုတ်ပြင်းမြို့နယ်၌ ငါးဖမ်းပိုက်တွင်ဖမ်းမိသည့် လင်းပိုင်လေးအား ရေးလုပ်သားများက ပြန်လွှတ်ပေးနေစဥ်။ ဓာတ်ပုံ - ငြိမ်းထက်အောင်။

ဘုတ်ပြင်းမြို့နယ်၊ ဟန်ကပြုကျေးရွာအုပ်စု၊ ကြိမ်မဲတောင်ကျေးရွာရှိ ကမ်းနီးငါးဖမ်းလှေ၏ ငါးဖမ်းပိုက်တွင်ပါလာသည့် ဧရာဝတီလင်းပိုင်တစ်ကောင်ကို ရေလုပ်သားများက ပင်လယ်အတွင်း ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့က ကြိမ်မဲတောင်ရွာအနီးပင်လယ်ပြင်တွင် ငါးဖမ်းပိုက်ဖြင့် ငါးဖမ်းချိန် အရှည် ၄ ပေခန့်ရှိ ဧရာဝတီလင်းပိုင်တစ်ကောင် ဖမ်းမိကြောင်း ကြိမ်မဲတောင်ရွာနေ ရေလုပ်သားတစ်ဦးက ပြောသည်။

အဆိုပါဒေသနေ ဦးနောင်ပိန်နှင့်သားဖြစ်သူ၏ ငါးဖမ်းပိုက်တွင် ဖမ်းမိခြင်းဖြစ်ပြီး အကောင်ကြီးသဖြင့် ၎င်းတို့နှစ်ဦးတည်း ပြန်မလွှတ်နိုင်၍ ကြိမ်မဲတောင်ရွာ တံတားအနီးအထိ သယ်လာပြီး ရွာသားများ၏ အကူအညီဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း ရွာသားများထံမှ သိရသည် ။

ငါးဖမ်းပိုက်တွင် ဖမ်းမိသည့် ဧရာဝတီလင်းပိုင်အမျိုးအစားသည် မျိုးတုန်းခါနီး သတ္တဝါဖြစ်သည်ဟု သိရသဖြင့် ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“အကောင်ကတော့ သိပ်မကြီးဘူး။ ဒါပေမဲ့ တော်တော်လေးတယ်။ လှေဝမ်းထဲမှာထည့်ထားလည်း ငြိမ်ငြိမ်လေးနေတယ်။ ပြန်လွှတ်ပေးမှပဲ ထွက်သွားတယ်။ မျိုးတုန်းခါနီးဖြစ်နေတဲ့ ဧရာဝတီလင်းပိုင်လို့တော့ သိရတယ်” ဟု ကြိမ်မဲတောင်ရွာနေ အထက်ပါရေလုပ်သားက ပြောဆိုသည်။

ကြိမ်မဲတောင်ရွာ အရှေ့ဘက်ပင်လယ်ပြင်နှင့် ကြိမ်မဲတောင်ရွာနှင့် ချောင်းကဖီးရွာအကြား ပင်လယ်ပြင်တို့တွင် ဧရာဝတီလင်းပိုင်နှင့် အသွင်သဏ္ဍန်အရ ဆင်တူသည့် လင်းရှူးများလည်း အစုအဖွဲ့အလိုက်တွေ့ရလေ့ရှိကြောင်း ကြိမ်မဲတောင်ရွာသားတစ်ဦးက ပြောပြသည် ။

“ကြိမ်မဲတောင်နဲ့ ချောင်းကဖီးသွားတဲ့ ရေထဲမှာ သူတို့(လင်းရှူး) တွေ အမြဲတွေ့နေရတယ်။ ကျွန်တော်တို့ ငယ်ငယ်ကဆို ၇ကောင်အုပ်စု၊ ၈ကောင်အုပ်စု တွေ့ရတယ်။ အခုက ၄ ကောင်အုပ်စု၊ ၃ ကောင်အုပ်စု အဲဒီလောက်ပဲတွေ့ရတော့တယ်။ အရင်ကထက်နည်းလာတယ်” ဟု ၎င်းက ပြောသည်။

ထိုင်းပင်လယ်ကွေ့တွင်လည်း ဇန်နဝါရီလ ၁၂ ရက်မှ ၁၆ ရက်နေ့အထိ စစ်ဆေးချက်အရ ဧရာဝတီလင်းပိုင်မျိုးစိတ် (Orcaella brevirostris) အကောင်ရေ ၄၀ ကျော် တွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဧရာဝတီလင်းပိုင် မျိုးစိတ်သည် ရေချိုမြစ်များနှင့် ပင်လယ်ကမ်းရိုးတန်း ရေတိမ်ပိုင်းနေရာတို့တွင် ကျက်စားလေ့ရှိသည်။

၁၈၇၉ ခုနှစ်ဝန်းကျင်တွင်မှာ ဧရာဝတီမြစ်အတွင်း အဆိုပါလင်းပိုင်များကို စတင်တွေ့သဖြင့် ဧရာဝတီ လင်းပိုင်ဟု ခေါ်ဝေါ်ခြင်း ဖြစ်သည်။

ဧရာဝတီလင်းပိုင်မျိုးစိတ်သည် အာရှတိုက်တောင်ပိုင်းနှင့် အရှေ့တောင်အာရှဒေသ၏ ရေချိုမြစ်ကြီးများနှင့် ပင်လယ်ကမ်းနီးတွင် ကျက်စားလေ့ရှိသည်။