BREAKING
November 27, 2025

ကော့ဖငန်းကျွန်းတွင် မူးယစ်ဆေးဝါး ရောင်းချသုံးစွဲ၍ မြန်မာ ၆ ဦး ထပ်မံဖမ်းဆီးခံရ

November 22, 2025

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့ဖငန်းကျွန်းတွင် မူးယစ်ဆေးပြားများကို ဝယ်ယူရောင်းချနေပြီး သုံးစွဲနေသည်ဟုဆိုကာ မြန်မာနိုင်ငံသား ၆ ဦးကို ရဲတပ်ဖွဲက ထပ်မံဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေ ၂ နာရီခန့်က ကော့ဖငန်းကျွန်းပေါ်တွင် အသက် ၂၇ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးကို WY မူးယစ်ဆေးပြား နှစ်ပြားနှင့်အတူ ဖမ်းဆီးရမိရာမှတစ်ဆင့် ကွင်းဆက်ကို ဆက်လက်စုံစမ်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသားက မူးယစ်ဆေးပြားများကို ကိုစည်သူအောင်ထံက ဝယ်ယူခဲ့ကြောင်း ထွက်ဆိုခဲ့သဖြင့် ည ၈ နာရီခန့်တွင် ကိုစည်သူအောင်ထံက ဆေးပြားဝယ်ယူ၍ အသွင်ယူဖမ်းဆီးရန် ကြိုးပမ်းခဲ့သော်လည်း လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

ကျွန်းပေါ်က CCTV မှတ်တမ်းများကို လိုက်လံစစ်ဆေးရာမှ ကိုစည်သူအောင်စီးသော ဆိုင်ကယ်သည် ဘန်တိုင်းဒေသရှိ ဘန်ဂလိုတစ်ခုတွင် ရပ်ထားသည်ကို စုံစမ်းသိရှိခဲ့ရသည်။

နိုဝင်ဘာ ၂၀ ရက်နေ့ ညနေ ၃ နာရီခန့်တွင် အသက် ၂၃ နှစ်အရွယ် ကိုစည်သူအောင်နေသော ဘန်ဂလိုသို့ သွားရောက်စစ်ဆေးရာ အခန်းရှေ့ အိပ်ပျော်နေသော ကိုစည်သူအောင်ကို ဖမ်းဆီးရမိခဲ့သည်။

ကိုစည်သူအောင်နှင့်အတူ အခန်းထဲတွင် နောက်ထပ် မြန်မာသုံးဦး မူးယစ်ဆေးပြားများကို ထုပ်ပိုးနေပြီး ရဲတပ်ဖွဲ့ကို တွေ့စဉ် မူးယစ်ဆေးပြားများကို ဖွက်၍ ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း ဖမ်းဆီးခံရကြောင်း သတင်းတွင်ဖော်ပြသည်။

အခန်းထဲ ဆက်လက်ရှာဖွေရာ WY မူးယစ်ဆေးပြား ၁၁၆ ပြားနှင့် အိုက်စ်မူးယစ်ဆေး ၀ ဒသမ ၂၂ ဂရမ်ကို ရှာဖွေတွေ့ရှိခဲ့သဖြင့် သက်သေအနေဖြင့် သိမ်းဆည်းခဲ့ဟုဆိုသည်။

မူးယစ်ဆေးပြားများကို ကော့စမွေကျွန်းရှိ မြန်မာနိုင်ငံသားများထံမှ ဝယ်ယူထားခြင်းဖြစ်ပြီး ၁၀၀ ပြားအတွက် ဘတ် ၃၀၀၀ ပေးရကြောင်း ကိုစည်သူအောင်က ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားသည်။

ကျွန်းပေါ်က နိုင်ငံခြားသားနှင့် မြန်မာနိုင်ငံသားများကို မူးယစ်ဆေးပြား တစ်ပြားလျှင် ဘတ် ၁၀၀ နှုန်းဖြင့် ပြန်လည်ရောင်းချခဲ့ကြောင်း ထွက်ဆိုသည်။

ကိုစည်သူအောင်သည် လွန်ခဲ့သော ၂၀၂၃ ခုနှစ်က မူးယစ်ဆေးအမှုဖြင့် ဖမ်းဆီးခံရဖူးသူဖြစ်ပြီး ထောင်ကလွတ်လာသည်မှာ ၂ လခန့်သာရှိသေးကြောင်း သိရသည်။

ရဲတပ်ဖွဲ့က မူးယစ်ဆေးကွင်းဆက်နှင့် ပက်သက်၍ နောက်ထပ် အသက် ၂၆ နှစ်နှင့် ၂၄ နှစ်အရွယ် မြန်မာနိုင်ငံသားနှစ်ဦးကို ထပ်မံဖမ်းဆီးခဲ့ပြီး မူးယစ်ဆေးသုံးစွဲထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။

လက်ရှိတွင် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား ၆ ဦးကို ကော့ဖငန်းရဲစခန်းသို့ ပို့ဆောင်ထားပြီး တရားမဝင် ဝင်ရောက်လာမှု၊ မူးယစ်ဆေးသုံးစွဲမှု၊ ဖြန့်ဝေမှုများဖြင့် အမှုဖွင့်ထားကြောင်း သတင်းတွင် ဖော်ပြသည်။

Ref: Khaosod, MGR Online, CH 7