BREAKING
October 22, 2025

ရွေးကောက်ပွဲ နီးလာသဖြင့် မွန်ပြည်နယ်တွင် လုံခြုံရေးတင်းကျပ်ပြီး စစ်ဆေးမှု ပိုများလာ

October 22, 2025

ပုံစာ - မွန်ပြည်နယ်အတွင်းက စစ်အာဏာရှင်တပ်ဖွဲ့များ လမ်းသွားလမ်းလာများကို စစ်ဆေးနေသည်ကို တွေ့ရစဉ်

စစ်ကော်မရှင်က ကျင်းပမည့်‌ ရွေးကောက်ပွဲရက် နီးကပ်လာသည်နှင့်အမျှ မွန်ပြည်နယ်အနှံ့ လုံခြုံရေးတင်းကျပ်လာသည့်အပြင် စစ်ဆေးမှုလည်း ပိုမိုများပြားလာသည်ဟု ဒေသခံတို့ထံမှ သိရသည်။

စစ်အာဏာရှင်က ပြီးခဲ့သည့် စက်တင်ဘာလကတည်းက မြို့အဝင်အထွက်၊ လမ်းဆုံလမ်းခွနေရာများတွင် စစ်ဆေးမှု တင်းကျပ်လာသည့်အပြင် ကားလမ်းတစ်လျှောက်တွင်လည်း စစ်ဆေးရေးဂိတ်များ တိုးချဲ့ထားပြီး လုံခြုံရေးအင်အားတိုးချထားကာ လမ်းသွား လမ်းလာများကို စစ်ဆေးနေသည်ဟု ဆိုသည်။

“အခုနောက်ပိုင်း စစ်ဆေးမှုတွေက တအားကို တင်းကျပ်လာတယ်။ ဂိတ်တွေလည်း များလာတယ်။ ဂိတ်တွေမှာလည်း သူတို့လူတွေ အများကြီး ချထားတာတွေ့ရတယ်။ ရွေးကောက်ပွဲနီးလာလို့ဖြစ်မယ် ထင်တယ်။ လုံခြုံရေးတွေက ပိုကျပ်လာတယ်” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

၎င်းပြင် တော်လှန်ရေးအားကောင်းပြီး စစ်ရေးပဋိပက္ခပြင်းထန်နေသည့် ရေး၊ ကျိုက်ထို၊ ဘီးလင်းဘက်သို့လည်း အင်အားအလုံးအရင်းဖြင့် စစ်အာဏာရှင်တပ် စစ်ကြောင်းများ ဝင်ရောက်နေရာယူလာပြီး စစ်ဆေးမှုများ ပြုလုပ်နေသည်။

ရွေးကောက်ပွဲ ကျင်းပမည့် မြို့နယ်များသာမက မြို့နယ်အားလုံးတွင် လုံခြုံရေးတင်းကျပ်ထားပြီး မသင်္ကာလျှင် ချက်ချင်းဖမ်းဆီးရန် သက်ဆိုင်ရာ မြို့နယ်များကို မွန်ပြည်နယ် စစ်အာဏာရှင်တပ်က ညွှန်ကြားထားကြောင်း သိရသည်။

“ခရီးသွားရတာ ရင်တထိတ်ထိတ်နဲ့ပါပဲ ကြုံရင်ကြုံသလို စစ်ဆေးခံနေရတယ်။ အဓိက ဘယ်သွား ဘယ်ကလာ မှတ်ပုံတင်ကြည့်တယ်။ အခန့်မသင့်ရင် ဖုန်းတောင်းကြည့်တယ်။ မှတ်ပုံတင်ကြည့်လို့ ဥပမာ ကိုယ်က ရေးမှတ်ပုံတင်နဲ့ မော်လမြိုင်မှာ အစစ်ခံရရင် နယ်ကျော်တယ်ဆိုပြီး ရစ်တာ” ဟု လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။

တစ်ဖက်တွင်လည်း စစ်အာဏာရှင် ကျင်းပမည့် ရွေးကောက်ပွဲသည့် အတုအယောင်ရွေးကောက်ပွဲ တစ်ခုသာဖြစ်ပြီး နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်တိုက်ဖျက်သွားမည်ဟု တော်လှန်ရေးအဖွဲ့အစည်းတို့က ထုတ်ပြန်ကြေညာထားပြီး ရွေးကောက်ပွဲလုပ်စဉ်တွင် ပါဝင်ပတ်သက်သူများကိုလည်း မကြာခဏ ဖမ်းဆီးလေ့ရှိသည်။

ယင်းအခြေအနေတွင် စစ်အာဏာရှင်တပ်က ပြည်နယ်အနှံ့ လုံခြုံရေး ပိုမိုတင်းကျပ်လာသည့်အပြင် တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးထိန်းချုပ်ထားသည့် နယ်မြေများ ထိန်းချုပ်နိုင်ရေးကိုလည်း အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလျက်ရှိသည်။

စစ်အာဏာရှင်က လာမည့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲအပိုင်း (၁) ကို မြို့နယ်ပေါင်း ၁၀၂ မြို့နယ်တွင် ကျင်းပသွားမည်ဟု ထုတ်ပြန်ကြေညာထားသည်။

စစ်အာဏာရှင် ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း (၁) တွင် မွန်ပြည်နယ်အတွင်း ကျိုက်ထို၊ ကျိုက်မရော၊ ချောင်းဆုံ၊ မော်လမြိုင်၊ သထုံ စသည့် မြို့နယ် ၅ မြို့နယ် ပါဝင်သည်။