ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် မြန်မာနိုင်ငံသားများ လိုက်ပါလာသော အိမ်စီးကားက လမ်းဘေးဓါတ်တိုင်ကို ဝင်တိုက်ခဲ့ပြီး ကားပေါ်ပါ မြန်မာနိုင်ငံသား ၁၄ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
အောက်တိုဘာလ ၂၁ ရက်နေ့ ညနေပိုင်းတွင် ကန်ချနဘူရီမြို့ အဝေးပြေးလမ်းပေါ် မောင်းလာသော ပစ်ကပ်ကားတစ်စီးကို စစ်ဆေးရေးဂိတ်က ရပ်တန့်စစ်ဆေးခံရန် အချက်ပြခဲ့သော်လည်း ကားက အစစ်ဆေးမခံဘဲ လမ်းကြားများထဲ မောင်းပြေးသွားခဲ့ကြောင်း၊ ကီလိုမီတာ ၃၀ ခန့်အရောက်တွင် အရှိန်လွန်ကာ လမ်းဘေးဓါတ်တိုင်ကို ဝင်တိုက်ခဲ့၍ ကားရပ်တန့်သွားခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။
ရဲတပ်ဖွဲ့က အနောက်က လိုက်လာပြီး ကားအတွင်း စစ်ဆေးရာတွင် မြန်မာနိုင်ငံသား ၁၄ ဦးနှင့် လာအိုနိုင်ငံသား ၁ ဦးကို တွေ့ရှိခဲ့ကာ အားလုံးတွင် နေထိုင်ခွင့် စာရွက်စာတမ်းများ မတွေ့ရသဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသားများသည် ရန်ကုန်နှင့် မန္တလေးဒေသများက ဝင်ရောက်လာပြီး ထိုင်းနိုင်ငံထဲ အလုပ်လုပ်ကိုင်နိုင်ရန် ဘတ် ၁၅၀၀၀ မှ ၂၅၀၀၀ အထိ ပေးချေရမည်ဖြစ်ကြောင်း ဝန်ခံထားသည်။








မြန်မာနိုင်ငံသားများသည် ဘုရားသုံးဆူမှတစ်ဆင့် စန်ခရာဘူရီဒေသထဲသို့ တရားမဝင် ဝင်လာကြကြောင်း၊ မြန်မာနိုင်ငံသားများကို တရားမဝင် ပို့ဆောင်လာသော ကားသမားကမူ ကားတိုက်မှုဖြစ်ပြီးနောက် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။
လက်ရှိတွင် ဖမ်းဆီးခံရသူများကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရေး ကန်ချနဘူရီရဲစခန်းသို့ ပို့ဆောင်ထားကြောင်း သတင်းတွင် ဖော်ပြထားသည်။
Ref: Kanchanaburi News, Khaosod