ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသအပါအဝင် ထိုင်းနိုင်ငံထဲသို့ လူမှောင်ခိုပို့ဆောင်နေသည်ဟုဆိုကာ ထိုင်းနိုင်ငံသားတစ်ဦးနှင့် မြန်မာနိုင်ငံသား တစ်ဦးတို့ကို စမွတ်စခွန်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ယနေ့ အောက်တိုဘာလ ၂၂ ရက် နံနက်ပိုင်းက ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက် အမှတ် ၁ ချစ်ကြည်ရေးတံတားအနီးတွင် ၎င်းတို့နှစ်ဦးကို စမွတ်စခွန်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
၎င်းတို့နှစ်ဦးသည် ထိုင်းနိုင်ငံထဲ မြန်မာနိုင်ငံသားများကို တရားမဝင် ပို့ဆောင်နေသည်ဆိုသော စွပ်စွဲချက်ဖြင့် စမွတ်စခွန်တရားရုံးက အောက်တိုဘာလ ၂၀ ရက်နေ့ရက်စွဲဖြင့် ဝရမ်းထုတ်ထားခဲ့ဟုဆိုသည်။
ဖမ်းဆီးခံရသူနှစ်ဦးမှာ အသက် ၂၆ နှစ်အရွယ် ထိုင်းနိုင်ငံသားတစ်ဦးနှင့် အသက် ၃၁ နှစ်အရွယ် ကိုစောခင်အမည်ရှိ မြန်မာနိုင်ငံသားတို့ ဖြစ်သည်။
၎င်းတို့နှစ်ဦးသည် မြန်မာနိုင်ငံသားများကို ထိုင်းမြောက်ပိုင်းခရိုင်များမှတစ်ဆင့် တရားမဝင် လမ်းကြောင်းဖြင့် စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသအပါအဝင် ထိုင်းနိုင်ငံထဲသို့ ပို့ဆောင်နေသူများဖြစ်ကြောင်း၊ လူမှုကွန်ရက်များကတစ်ဆင့် အလုပ်လက်ခံပြီး ပို့ဆောင်ပေးနေသူများဖြစ်သည်ကို စုံစမ်းသိရှိခဲ့သဖြင့် ဝရမ်းထုတ်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။
၎င်းတို့နှစ်ဦး၏ ဘဏ်အကောင့်များကို စစ်ဆေးကြည့်ရာ ဘတ် သန်း ၁၀၀ ခန့် ငွေအဝင်အထွက်ရှိနေသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။
လက်ရှိတွင် ဖမ်းဆီးခံရသူနှစ်ဦးကို တရားမဝင် ဝင်ရောက်လာသော နိုင်ငံခြားသားများကို ကူညီပို့ဆောင်ပေးမှုဖြင့် အမှုဖွင့်ထားပြီး စမွတ်စခွန်ရဲစခန်းသို့ ခေါ်ဆောင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။
Ref: Mahachai News, MGR Online, Naewna