ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးခက်မြို့ လဝကထိန်းသိမ်းရေးစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော မြန်မာအမျိုးသမီးတစ်ဦး မိမိကိုယ်ကို အဆုံးစီရင်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
ရဲတပ်ဖွဲ့ဝင်များက အသက် ၂၉ နှစ်အရွယ် မထိုက်ဒါလီအမည်ရှိ မြန်မာအမျိုးသမီးကို ယနေ့ (ဩဂုတ် ၂၂) နံနက် ၅ နာရီခန့်က အခန်းထဲ ကြိုးဆွဲချ သေဆုံးလျက်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
မြန်မာအမျိုးသမီးသည် သူမ၏ ဘောင်းဘီကို အသုံးပြု၍ ထိန်းသိမ်းရေးစခန်းထဲက သံတိုင်တွင် ချည်နှောင်ပြီး ကြိုးဆွဲချသတ်သေခဲ့ကြောင်း CCTV မှတ်တမ်းများကို ကိုးကား၍ ရဲတပ်ဖွဲ့က ပြောသည်။
မြန်မာအမျိုးသမီးသည် ပြစ်ဒဏ်ကျခံပြီးသွား၍ ဩဂုတ်လ ၁၅ ရက်နေ့က ဖူးခက်အကျဉ်းထောင်မှ လွတ်မြောက်လာသူဖြစ်ပြီး နေရပ်ပြန်ပို့ရန်အတွက် လဝကထိန်းသိမ်းရေးစခန်းသို့ ဩဂုတ်လ ၂၁ ရက်နေ့က လွှဲပြောင်းပေးခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို သတင်းတွင်ဖော်ပြထားသည်။
လက်ရှိ ကြိုးဆွဲချသော အခန်းထဲတွင် အခြားအခန်းဖော် အမျိုးသမီးနှစ်ဦးလည်း ရှိနေကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
မြန်မာအမျိုးသမီး ကြိုးဆွဲချစဉ် အခန်းဖော်များ သိရှိခြင်းရှိမရှိကို သတင်းတွင် မဖော်ပြထားသလို မြန်မာအမျိုးသမီး ဖမ်းဆီးထောင်ချခံရသည့် အကြောင်းအရင်းကိုလည်း သတင်းတွင် ဖော်ပြထားခြင်းမရှိသဖြင့် မသိရပေ။
လက်ရှိတွင် အလောင်းကို ဆေးရုံသို့ ပို့ဆောင်ထားပြီး မိမိကိုယ်ကို သတ်သေမှုဖြင့် ကနဦး ကောက်ချချက်ထားကြောင်း ရဲတပ်ဖွဲ့က ပြောကြားထားသည်။
Ref: Phuket News, MGR Online, Khaosod