BREAKING
October 19, 2025

ကန်ချနဘူရီတွင် တရားမဝင် ဝင်လာသော မြန်မာ ၂၀ ကျော် ဖမ်းဆီးခံရ

August 22, 2025

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၂၂ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ယနေ့ ဩဂုတ်လ ၂၂ရက် နံနက်ပိုင်းက စန်ခရာဘူရီဒေသ နော့လူရွာထဲတွင် ထိုင်းနယ်ခြားစောင့်တပ်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

နံနက် ၂နာရီခန့်တွင် နော့လူရွာရှိ မြစ်ကမ်းဘေး၌ ထိုင်စောင့်နေကြသော မြန်မာနိုင်ငံသား ၁၄ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

၎င်းတို့သည် ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် တရားမဝင် ဝင်လာကြပြီး စမွတ်စခွန်ခရိုင်သို့ သွားရောက်လုပ်ကိုင်ရန်အတွက် ပွဲစားကို ဘတ် ၁၅၀၀၀ ပေးချေပြီး ဝင်ရောက်လာကြကြောင်း ဆိုသည်။

နံနက် ၄နာရီခန့်တွင်လည်း နော့လူရွာ စစ်ဆေးရေးဂိတ်အနီး လမ်းလျှောက်လာသော မြန်မာနိုင်ငံသား ရှစ်ဦးကို ထပ်မံဖမ်းဆီးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

၎င်းတို့သည် ဘန်ကောက်မြို့သို့ သွားရောက်ရင် ရည်ရွယ်ထားပြီး ပွဲစားကို ခရီးစရိတ် ဘတ် ၁၀၀၀၀ ပေးချေရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံသားများ၏ ဖြေကြားချက်ကို ဖော်ပြသည်။

မြန်မာနိုင်ငံသား အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၅ ဦး စုစုပေါင်း ၂၂ ဦးကို ဖမ်းဆီးခဲ့ပြီး ဥပဒေအရ အရေးယူရန် စန်ခရာဘူရီရဲစခန်းသို့ ခေါ်ဆောင်ခဲ့ကြောင်း ဆိုသည်။

ဩဂုတ်လ ၁ ရက်ကလည်း တာခ့်ခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာပြီးနောက် သောင်ရင်းမြစ်ဘေး ချုံတောထဲတွင် လမ်းလျှောက်နေသော မြန်မာနိုင်ငံသား ၄၀ နီးပါး ဖမ်းဆီးခံခဲ့ရသည်။

Ref: Kanchanaburi News, MGR Online