BREAKING
October 19, 2025

ထိုင်းအလယ်ပိုင်းတွင် မြန်မာလုပ်သားတစ်ဦး တောဝက်တိုက်ခိုက်ခံရသဖြင့် ဒဏ်ရာရ

July 22, 2025

ထိုင်းနိုင်ငံအလယ်ပိုင်း နခွန်ရတ်ချ်စီမားခရိုင်ရှိ ခြံထဲတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမားတစ်ဦးသည် ခြံနောက်တွင် မျှစ်သွားတူးစဉ် တောဝက်တိုက်ခိုက်ခံရသဖြင့် ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ဇူလိုင်လ ၂၁ ရက်နေ့ ညနေ ၃ နာရီခန့်က ဝမ်းနခီယိုဒေသရှိ ထပ်လန်းအမျိုးသားဥယျာဉ်အနီး ခြံထဲတွင် အသက် ၅၆ နှစ်အရွယ် မြန်မာအလုပ်သမားတစ်ဦး တောဝက်တိုက်ခိုက်ခံရခြင်းဖြစ်သည်။

တောဝက်တိုက်ခိုက်ခံရမှုကို ရွာလူကြီးမှတစ်ဆင့် အမျိုးသားဥယျာဉ်ရှိ ဝန်ထမ်းများကို ဆက်သွယ်လာသဖြင့် သွားရောက်ကြည့်ရှုစဉ် ဒဏ်ရာရရှိနေသော ခြံစောင့် မြန်မာအလုပ်သမားကို တွေ့ရှိရခြင်းဖြစ်သည်။

တောဝက်၏ အစွယ်ဖြင့် ထိခိုက်ထားမှုကြောင့် မြန်မာအလုပ်သမား၏ ခြေထောက်နှင့် ရင်ဘတ်များတွင် ဒဏ်ရာများ ရရှိနေဟုဆိုသည်။

ထို့ကြောင့် မြန်မာအလုပ်သမားကို နီးစပ်ရာ ဝမ်းနခီယိုဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ပြီး နောက်ပိုင်းတွင် မဟာရတ်ဆေးရုံသို့ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

မြန်မာအလုပ်သမားသည် ခြံအနောက်တွင် မျှစ်သွားတူးစဉ် ခွေးဟောင်သံကြားသဖြင့် သွားကြည့်ရာမှ ရန်လိုနေသော တောဝက်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖြေကြားထားသည်။

တိုက်ခိုက်ခံရသောဒေသသည် တောအနက်ဒေသတွင် ဖြစ်ပြီး အနီးအနားကို စစ်ဆေးစဉ် ကျော့ကွင်းကြောင့် ခြေထောက်တွင် ဒဏ်ရာရရှိနေသော တောဝက်ကို ချုံထဲတွင် တွေ့ရှိခဲ့သည်။

ယင်းဒဏ်ရာများကြောင့် တောဝက်သည် ရန်လိုသည့်ပုံစံဖြစ်နေပြီး လူကို တိုက်ခိုက်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ရွာလူကြီး၏ ပြောကြားချက်ကို သတင်းတွင် ဖော်ပြထားသည်။

တောဝက်တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိထားသော မြန်မာနိုင်ငံသားကို ဂရုတစိုက် ကုသမှု ခံယူစေရန်နှင့် ဒေသခံများကိုလည်း တောဝက်အန္တရာယ်ကို ဂရုစိုက်ကြရန် အမျိုးသားဥယျာဉ် ဝန်ထမ်းခေါင်းဆောင်က မှာကြားခဲ့ကြောင်း ဆက်လက် ဖော်ပြသည်။

ယင်းနောက် တောဝက်ကိုလည်း ဘေးလွတ်ရာနေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

Ref: CH 7, FM 91, ထိုင်းအမျိုးသားဥယျာဉ်