BREAKING
October 19, 2025

ဘန်ကောက်အနီး ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် မြန်မာနှစ်ဦး ဓါတ်လိုက်သေဆုံး

July 22, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ပထုံဌာနီခရိုင် ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲတွင် မြန်မာအလုပ်သမားနှစ်ဦး အလုပ်လုပ်နေရင်း ဓါတ်လိုက် သေဆုံးသွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ဇူလိုင်လ ၂၁ ရက်နေ့ ညနေ ၆ နာရီခွဲက ပထုံဌာနီမြို့ ဘုန်းကြီးကျောင်းအရှေ့ ရေထိန်းတာရိုး ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် မြန်မာနှစ်ဦး ဓါတ်လိုက်သေဆုံးခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူများသည် အသက် ၄၂ နှစ်နှင့် အသက် ၂၀ နှစ်အရွယ် မြန်မာအလုပ်သမားနှစ်ဦး ဖြစ်သည်။

အလုပ်သမားနှစ်ဦးမှာ အလုပ်လုပ်နေစဉ် ဓါတ်လိုက်ခဲ့ပြီးနောက် ရေထဲ ပြုတ်ကျသွားခဲ့ကြောင်း၊ အခြားအလုပ်သမားများက ရေထဲမှ ဆယ်ယူ၍ ကုန်းပေါ်တင်ပေးထားခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့၏ ပြောကြားချက်ကို သတင်းတွင်ဖော်ပြထားသည်။

မြန်မာနှစ်ဦး ဓါတ်လိုက်ပြီး ရေထဲပြုတ်ကျသွားသဖြင့် ကူညီကယ်ဆယ်ပေးရန် လုပ်ဖော်ကိုင်ဖက်များက အကြောင်းကြားခဲ့သော်လည်း ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာချိန်တွင် အခင်းဖြစ်သောနေရာ၌ အခြားအလုပ်သမားများကို မတွေ့ရကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် ဖြစ်စဉ် အသေးစိတ်ကို ရဲတပ်ဖွဲ့က မေးမြန်း၍ မရခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

အခင်းဖြစ်သော နေရာတွင် မြန်မာနှစ်ဦးစလုံး သတိမရှိတော့သည့်အတွက် ကယ်ဆယ်ရေးအဖွဲ့ဝင်များက အရေးပေါ်ကယ်ဆယ်ရေး (CPR) ပြုလုပ်ပေးခဲ့သော်လည်း တစ်ဦးသည် နေရာတွင်ပင် သေဆုံးသွားခဲ့သည်။

နောက်တစ်ဦးကို ပထုံဌာနီဆေးရုံသို့ အရေးပေါ် ပို့ဆောင်ကုသခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးသွားခဲ့ဟုဆိုသည်။

လက်ရှိတွင် သေဆုံးသူများကို ရင်ခွဲစစ်ဆေးနိုင်ရန် ဆေးမှုခင်းဌာနသို့ ပို့ဆောင်ထားပြီး ရဲတပ်ဖွဲ့က သက်သေများကို သိမ်းဆည်းခဲ့ကြောင်း ဖော်ပြထားသည်။

အခင်းဖြစ်သောနေရာသည် ခရိုင်အုပ်ချုပ်ရေးမှူးအဖွဲ့မှ တည်ဆောက်နေသော ရေထိန်းတာရိုး ဆောက်လုပ်ရေးလုပ်ငန်းခွင်ဖြစ်ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ မေးမြန်းစစ်ဆေးနိုင်ရန် ဆောက်လုပ်ရေးဦးဆောင်သူကို ရဲစခန်းသို့ ခေါ်ယူထားသည်။

Ref: CH 3, Matichon Online, Khaosod