ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

လေးမိုင်ရွာတွင် မြေမြှုပ်မိုင်းကို တုတ်ဖြင့်ထိုးသဖြင့် ပေါက်ကွဲပြီး ကလေးငယ်တစ်ဦး‌ ဒဏ်ရာရ

January 22, 2026

တနင်္သာရီမြို့နယ်၊ ဒူကြိုး-လေးမိုင်ရွာတွင် စစ်အာဏာရှင်တပ်စွဲခဲ့သည့် လူနေအိမ်ဝန်းကျင်တွင်တွေ့သည့် မြေမြှုပ်မိုင်းကို ကလေးငယ်တစ်ဦးက တုတ်ဖြင့်ထိုးရာမှ ပေါက်ကွဲသောကြောင့် ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။

ဇန်နဝါရီလ ၂၁ရက် ညနေ ၅နာရီခန့်တွင် လေးမိုင်ရွာတွင် အိမ်အနီးဝန်းကျင်တွင် တွေ့ရှိသည့် မြေမြှုပ်မိုင်းကို အသက် ၁၀နှစ်ကျော်အရွယ် ကလေးတစ်ဦးက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“မိုင်းကို တုတ်နဲ့ သွားထိုးလိုက်‌တော့ ပေါက်ပြီး (ခန္ဓာကိုယ်) အောက်ပိုင်းတစ်ပိုင်းလုံး ထိသွားတယ်။ ထိသွားက ယောင်္ကျေားလေးပဲ” ဟု အထက်ပါ ဒေသခံက ပြောဆိုသည်။

ဒဏ်ရာရသွားသည့် ကလေးကို မြိတ်ဆေးရုံကို ပို့လိုက်ပြီး နောက်ဆက်တွဲခြေနေကို မသိရသေးကြောင်း ဒေသခံများက ဆိုသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလ လကုန်ပိုင်းတွင် စစ်အာဏာရှင်တပ်သားများသည် လေးမိုင်ရွာကို စစ်ကြောင်းထိုးလာပြီး ယခု မိုင်းပေါက်ကွဲသည့် လူနေအိမ်များဝန်းကျင်တွင် တပ်စွဲနေထိုင်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

ထို့ကြောင့် ယခုပေါက်ကွဲသည့် မြေမြှုပ်မိုင်းမှာ စစ်အာဏာရှင်တပ် ထောင်ထားခဲ့သည့် မိုင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးချိန်က တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အာဏာရှင်တပ်က လေကြောင်း ဖြင့် ပစ်ခတ်၍ ဒေသခံများ အနီးအနားဝန်းကျင်ရှိ ကျေးရွာများတွင် တိမ်းရှောင်ခဲ့ရကြောင်း ဒေသခံ အခြားတစ်ဦးက ပြောသည်။

စစ်အာဏာရှင်တပ် စစ်ကြောင်းပြန်ဆုတ်ပြီးနောက် ဇန်နဝါရီလ အစပိုင်းမှစ၍ ဒေသခံအချို့ ပြန်လည်ဝင်ရောက် နေထိုင်ကြောင်း ၎င်းက ဆိုသည်။

“လူတွေက အားလုံးတော့ ပြန်မဝင်လာကြသေးဘူး။ အချို့ပဲ ပြန်ဝင်လာကြသေးတယ်။ အခုက မိုင်းက မရှင်းရသေးဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။

လေးမိုင်ကျေးရွာမှာ စစ်အာဏာရှင်တပ် စစ်ကြောင်းထွက်သွားပြီးနောက် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခြင်းများ ရှိသဖြင့် ဒေသခံအများစု ပြန်လည်မနေထိုင်ရဲသေးကြောင်း ဒေသခံများထံမှ သိရသည်။