ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီ ညောင်ပင်ကုန်းရွာသားတစ်ဦးကို စစ်အာဏာရှင်တပ်ဖမ်းဆီး၊ နှစ်ရက်ကြာအထိ ပြန်မလွတ်

January 22, 2026

တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ညောင်ပင်ကုန်းရွာသားတစ်ဦး ဘန်းလမွတ်ရွာသို့သွားစဥ် လမ်းတွင် ရှိနေသည့် စစ်အာဏာရှင်တပ်သားများက ဖမ်းဆီးခဲ့ပြီး နှစ်ရက်ကြာသည်အထိ ပြန်မလွှတ်သေးကြောင်း ဒေသခံများက ပြောသည်။

ဇန်နဝါရီလ ၂၁ရက် နံနက်ပိုင်းတွင် ‌ညောင်ပင်ကုန်းရွာမှ ဘန်းလမွတ်ရွာသို့ ဆိုင်ကယ်ဖြင့်သွားစဥ် လမ်းတွင်ရှိနေသည့် စစ်အာဏာရှင်တပ်သားများက ဖမ်းဆီးပြီး အောက်ကင်းကျေးရွာအခြေစိုက် အမှတ် ၅၅၇ ခြေမြန်တပ်ရင်းသို့ ပို့ဆောင် လိုက်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

ဖမ်းဆီးခံရသူသည် ညောင်ပင်ကုန်းရွာသား အသက် ၄၀ ဝန်းကျင်း အမျိုးသားဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ဖမ်းသွားတော့ မိသားစုတွေ သွားတောင်းတွေ့ခွင့်တောင်းတာ တွေ့ခွင့်မပေးဘူး။ ဆက်သွယ် ခွင့်လည်း မပေးဘူး။ ဒီနေ့အထိတော့ (ဇန်နဝါရီ ၂၂ရက်ည) ပြန်မလွှတ်သေးဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။

ဘန်းလမွတ်ရွာ လမ်းဆုံ၌ တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများကို ယနေ့ ဇန်နဝါရီလ ၂၂ရက်တွင် သွားရောက် မေးမြန်းရာ တော်လှန်ရေးတပ်များကို ထောက်ပို့လုပ်သည်ဟု စွပ်စွဲပြီး ပြန်မလွှတ်ဟု ပြောဆိုကြောင်း ဒေသခံ အခြားတစ်ဦးက ဆိုသည်။

“ဆိုင်ကယ်နဲ့ သွားတာ ဆိုင်ကယ်‌ရော လူရောဖမ်းသွားတယ်။ ဆိုင်ကယ်လည်း ပြန်မပေးတော့ဘူး။ သူက ဒီအတိုင်း ကြုံရာကျပန်း လုပ်စားနေတယ်။ သူတို့ဖမ်းပြီး ပြန်မလွှတ်တော့ဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။

ဘန်းလမွတ်ကျေးရွာအုပ်စုရှိ ကမ်းတိုရွာတွင် စစ်အာဏာရှင်တပ် တပ်စွဲထားကြောင်း ဒေသခံများထံမှ သိရသည်။