ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်ရှိ ပလပ်စတစ်စက်ရုံတွင် ဖော့တုံးများ ကြိတ်နေသော စက်ထဲသို့ လူတစ်ကိုယ်လုံးညှပ်ပါသွားသဖြင့် မြန်မာအလုပ်သမားတစ်ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနနှင့် WAG အဖွဲ့ထံမှ သိရသည်။
နိုဝင်ဘာလ ၁၉ ရက်နေ့ ည ၁၀ နာရီခန့်က ချွန်ဘူရီမြို့တွင် အသက် ၂၄ နှစ်အရွယ် ကိုသက်ဇော်ကိုသည် ဖော့ကြိတ်စက်ထဲသို့ လူတစ်ကိုယ်လုံးဝင်သွားပြီး တစ်စစီ ကြိတ်မိသွားသဖြင့် နေရာတွင်ပင် သေဆုံးခဲ့ခြင်းဖြစ်သည်။
စက်ထဲ လူခန္ဓာကိုယ်တစ်ခုလုံး ကြေသွားသဖြင့် အလောင်းကို နံနက်အထိ ကောက်ယူခဲ့ရကြောင်းသိရသည်။
ကိုသက်ဇော်ကိုသည် နာရီပေါင်းများစွာ အလုပ်လုပ်ကိုင်နေခဲ့ပြီးနောက် အိပ်ငိုက်သွားသဖြင့် ကြိတ်စက်ထဲ ပြုတ်ကျခဲ့ခြင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များက သုံးသပ်ထားသည်။
ကိုသက်ဇော်ကိုသည် ယင်းစက်ရုံတွင် အလုပ်လုပ်ကိုင်နေသည်မှာ ၅ လခန့်သာရှိသေးပြီး ပန်းရောင်ဘတ်ကိုင်ဆောင်ထားသော မြန်မာအလုပ်သမားဖြစ်ကြောင်း WAG အဖွဲ့ထံမှ သိရသည်။
ကိုသက်ဇော်ကိုသေဆုံးမှုနှင့် ပတ်သက်၍ နစ်နာကြေးများ ရရှိအောင် ကူညီဆောင်ရွက်ပေးရန် WAG အဖွဲ့ထံ လာရောက်အကူအညီတောင်းထားကြောင်း ကိုမုန်တိုင်းက ပြောသည်။
သေဆုံးမှုနှင့် ပတ်သက်၍ နစ်နာကြေးကိစ္စနှင့် အခြားအမှုကိစ္စများအတွက် အလုပ်ရှင်နှင့်အတူ သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များနှင့် ညှိနှိုင်းဆွေးနွေးနေဆဲဖြစ်ကြောင်း ကိုမုန်တိုင်းက ပြောသည်။
“လူကတော့ စက်ထဲပါသွားလို့ အကုန်ကြေမွသွားတာပေါ့။ အခုလက်ရှိကတော့ ပကန်စံခွန် (လူမှုဖူလုံရေးရန်ပုံငွေ) ကိစ္စရယ်၊ စက်ရုံဘက်က လျော်ကြေးဘယ်လောက်ပေးမလဲပေါ့။ စကားပြောနေတယ်ပေါ့နော်။ မပြီးသေးပါဘူး” ဟု ကိုမုန်တိုင်းက ဆိုသည်။
သေဆုံးသူသည် လူလွတ်တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံက မိဘများနှင့် ချိတ်ဆက်ဆောင်ရွက်နေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။
ရဲတပ်ဖွဲ့ကလည်း သေမှုသေခင်းအတွက် CCTV မှတ်တမ်းများမှတစ်ဆင့် စစ်ဆေးသွားမည်ဖြစ်ပြီး ဥပဒေအရ ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။
Ref: Khaosod, Matichon Online







