မွန်ပြည်နယ်၊ ချောင်းဆုံ (ဘီလူးကျွန်း)မြို့နယ်၊ ကွမ်ရိုက်ကျေးရွာက အမျိုးသားတစ်ဦးကို ရွေးကောက်ပွဲကာကွယ်ရေး ဥပဒေများဖြင့် စစ်အာဏာရှင်က ထောင်ဒဏ် ၁၇ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
ကွမ်ရိုက်ကျေးရွာနေ အသက် ၆၅ နှစ်အရွယ် ဦးကျော်မြင့်ဆိုသူသည် ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ကပ်ထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းပါ စာရွက်ကို ဆုတ်ဖြဲလိုက်သည်ဆိုသော စွပ်စွဲချက်ဖြင့် နိုဝင်ဘာလ ၅ ရက်နေ့က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ထိုနောက် ဦးကျော်မြင့်ကို ချောင်းဆုံမြို့မရဲစခန်းတွင် (ပ) ၁၂၆/၂၀၂၅ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၆ (က)/၂၄ (က) တို့ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့သည်။
စစ်အာဏာရှင်က ဦးကျော်မြင့်ကို ရုံးထုတ်စစ်ဆေးပြီးနောက် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် မော်လမြိုင်ခရိုင် တရားရုံးမှ ထောင်ဒဏ် ၁၇ နှစ် ချမှတ်လိုက်ခြင်းဖြစ်သည်။
“စစ်အုပ်စုက ပြည်သူတွေကို ဖိနှိပ်ဖို့ အကျပ်ကိုင်ဖို့ ဒီရွေးကောက်ပွဲဥပဒေကို ပြဌာန်းခဲ့တယ်။ အခုလည်း ကိုယ်စားလှယ်လောင်းစာရင်းစာရွက်ကို ဆုတ်ဖြဲတာကို ထောင်ဒဏ် ၁၇ နှစ်တောင် ချမှတ်လိုက်တယ်။ ဒါက တော်တော်ကို ပြင်းထန်တဲ့ပြစ်ဒဏ်ပါ။ ဒါက ဘာကိုပြတာလဲဆိုရင် ရွေးကောက်ပွဲ ပြည်သူတွေ မထိရဲအောင် ရှေ့ဆက် ဒီလိုမျိုး မလုပ်နိုင်အောင် မလုပ်ရဲအောင် ခြိမ်းခြောက်လိုက်တာပဲ” ဟု မွန်ပြည်နယ်အတွင်းက ရွေးကောင်ပွဲအခြေအနေကို လေ့လာစောင့်ကြည့်နေသူတစ်ဦးက ပြောသည်။
စစ်အာဏာရှင်က ရွေးကောက်ပွဲကာကွယ်ရေး ဥပဒေကို ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့က ပြဋ္ဌာန်းခဲ့ပြီး ရွေးကောက်ပွဲကို နှောင့်ယှက်၊ ပျက်ပြားအောင် လှုံဆော်သည့်စွပ်စွဲချက်ဖြင့် ပြည်သူများကို ဆက်တိုက်ဖမ်းဆီးခဲ့သည်။
ရွေးကောက်ပွဲ ပျက်ပြားအောင် လှုံ့ဆော်မှု စွပ်စွဲချက်ဖြင့် မွန်ပြည်နယ်အပါအဝင် နိုင်ငံတဝန်းတွင် ရွေးကောက်ပွဲကာကွယ်ရေး ဥပဒေဖြင့် ဖမ်းဆီး အရေးယူခံထားရသူ ၁၀၀ နီးပါးရှိသည်။







