မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာက စစ်အာဏာရှင်လက်အောက်ခံ လင်းဦးပြည်သူ့စစ်အဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးထားကြောင်း ရေးဘီလူးအဖွဲ့ထံမှ သိရသည်။
လင်းဦးပြည်သူ့စစ်အဖွဲ့ဝင် ကိုမျိုးဇော်ဆိုသူကို အောက်တိုဘာလ ၂၀ ရက် နေ့လယ်ပိုင်းတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။
ကိုမျိုးဇော်သည် ရေးမြို့နယ်၊ တောင်စွန်းကျေးရွာအနီး ရော်ဘာခြံတစ်ခုတွင် နေထိုင်ပြီး တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းကို လိုက်လံထောက်လှမ်းနေသည်ဟု သတင်းရရှိသောကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရေးဘီလူးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
“သူ(မျိုးဇော်) ထွက်ဆိုထားတာက ပြည်သူ့စစ်အဖွဲ့ဝင်တာ တစ်လပဲ ရှိသေးတယ်။ သေနတ်လည်း ပေးကိုင်တယ် ပြောတယ်။ သူ့ကိုတော့ စစ်ဆေးမေးမြန်းမှုတွေ လုပ်နေတယ်။ အရေးယူဆောင်ရွက်နိုင်ဖို့ အထက်ကို တင်ပြထားတယ်” ဟု ၎င်းက ဆိုသည်။
ရေးမြို့နယ်မြောက်ပိုင်း၊ အာယုတောင်ကျေးရွာ ပြည်သူ့စစ်အဖွဲ့ကို အရှေ့တောင်တိုင်းစစ်ဌာနချုပ်က လက်နက်အပြည့်အစုံ တပ်ဆင်ပေးထားသည့်အဖွဲ့ဖြစ်ပြီး အာယုတောင်ကျေးရွာနှင့် အနီးနားတဝိုက်တွင် လှုပ်ရှားနေသည့် ပြည်သူ့စစ်အဖွဲ့ဖြစ်သည်။
အာယုတောင်ပြည်သူ့စစ်အဖွဲ့တွင် အင်အား ၅၀ခန့်ရှိပြီး ဂိတ်ဖွင့်ပြီး ငွေကြေးကောက်ခံခြင်း၊ အကြောင်းအမျိုးအမျိုးပြပြီး ကျေးရွာအတွင်း ငွေကြေးကောက်ခံခြင်း၊ စစ်မှုထမ်းကိစ္စ၊ ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့သည့်ကိစ္စတို့တွင် ဖိအားပေးလုပ်ဆောင်နေသည့် အဖွဲ့ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ။
အဆိုပါပြည်သူ့စစ်အဖွဲ့ကို ရေးမြို့နယ်အတွင်း လှုပ်ရှားနေသည့် ရေးဘီလူးအဖွဲ့အပြင် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေးအဖွဲ့) NMSP-AD တို့က မကြာခဏ ပစ်ခတ်တိုက်ခိုက်လေ့ရှိသည်။