BREAKING
October 21, 2025

အယုဒ္ဓယတွင် လဝကတံဆိပ်တုံး အတုပြုလုပ်မှုဖြင့် မြန်မာ ၁ ဦးကို ဖမ်းဆီး

October 21, 2025

ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်တွင် လူဝင်မှုကြီးကြပ်ရေးရုံး၏ တံဆိပ်တုံး အတုပြုလုပ်ပေးနေသည်ဆိုသော စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားချက်အရ သိရသည်။

အောက်တိုဘာလ ၂၀ ရက်နေ့တွင် တံဆိပ်တုံးအတုပြုလုပ်သော ကွန်ပြူတာနှင့် အလုပ်လုပ်ခွင့်လက်မှတ် အမည်စာရင်းစာရွက် (ဘောတော် ၅၀) အပါအဝင် စာရွက်စာတမ်းအတုများနှင့်အတူ မြန်မာနိုင်ငံသားကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူသည် အသက် ၄၂ နှစ်အရွယ် မြန်မာနိုင်ငံသားဖြစ်ပြီး ဘန်ပအင်းဒေသရှိ ၎င်း၏ ကိုယ်ပိုင်ရုံးခန်းထဲတွင် ရဲတပ်ဖွဲ့က ဝရမ်းအရ သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းကိုဖမ်းဆီးစဉ် မြန်မာနိုင်ငံသားများအတွက် အလုပ်လုပ်ခွင့် လက်မှတ်စာရွက်များတွင် အယုဒ္ဓယလဝကတံဆိပ်တုံး ရိုက်နှက်ထားသော စာရွက်စာတမ်း ၂၆ စုံကို တွေ့ရှိခဲ့သဖြင့် သက်သေအနေဖြင့် ဖမ်းဆီးခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းတံဆိပ်တုံးများကို စစ်ဆေးစဉ် အချက်အလက် တိတိကျကျမတွေရပဲ အတုဖြစ်နေကြောင်း၊ စာရွက်အားလုံးတွင် တံဆိပ်တုံးနှင့် လက်မှတ်များက တစ်ပုံစံတည်းဖြစ်နေသည်ကို တွေ့ရကြောင်း စစ်ဆေးမှုရလဒ်ကို ဖော်ပြသည်။

ယင်းစာရွက်များကို အသုံးပြု၍ မြန်မာနိုင်ငံသားများကို မဲဆောက်မှတစ်ဆင့် သွားရောက်ခေါ်ဆောင်လာကြောင်း၊ စစ်ဆေးရေးဂိတ်နှင့် အလုပ်လျှောက်ထားရာတွင်လည်း ယင်းစာရွက်များကို အသုံးပြုလေ့ရှိကြောင်း မြန်မာနိုင်ငံသားက ရဲတပ်ဖွဲ့ထံ ဖြေကြားထားသည်။

လဝက တံဆိပ်တုံးအတုပါ စာရွက်များကိုလည်း မြန်မာနိုင်ငံသား ၁၀၀ ကျော်အား တစ်ဦးလျှင် ဘတ် ၁၂၀၀၀ နှုန်းယူ၍ ပြုလုပ်ပေးပြီးဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံ ထွက်ဆိုခဲ့သည်။

လက်ရှိတွင် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားကို စာရွက်စာတမ်း အတုပြုလုပ်မှု၊ လဝကတံဆိပ်တုံး အတုပြုလုပ်သုံးစွဲမှုများဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: MGR Online, Daily News