ထားဝယ်အရှေ့တောဒေသတွင် စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် ယနေ့ ဩဂုတ်လ ၂၁ ရက်တွင်လည်း စစ်အာဏာရှင်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံအချိုက ပြောသည်။
ယနေ့ နေ့လယ် ၁၂ နာရီကျော်တွင် သင်္ကန်းတုန်းရွာကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။
“(ဗုံးကြဲတဲ့) အသံကြားတာကတော့ နှစ်လုံးကြားတယ်၊ ထိခိုက်မှု ရှိမရှိ အခုအထိ ဘာမှမကြားရသေးဘူး” ဟု သင်္ကန်းတုန်းရွာအနီးက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ဒေသခံအမျိုးသား အခြားတစ်ဦးကလည်း စစ်အာဏာရှင်တပ်က ဂျက်ဖိုက်တာတစ်စင်းဖြင့် ဗုံးနှစ်လုံး လာရောက်ကြဲချသွားကြောင်း ပြောဆိုသည်။
စစ်အာဏာရှင်တပ်က ယာဉ်၁၀ စီးပါသည့် စစ်ယာဉ်တန်းနှင့် ခြေလျင်စစ်ကြောင်းသည် ထားဝယ်-ထီးခီးကားလမ်းအတိုင်း ပကာရီရဲစခန်းမှ ကျောက်မဲတောင်စခန်းကို စစ်ကြောင်းထိုးလာစဉ် ဩဂုတ် ၁၈ ရက်၊ ၁၉ ရက်တွင် သင်္ကန်းတုန်းရွာနှင့် ဝကုန်းရွာတို့၌ မဟာမိတ်ပူးပေါင်းတပ်များ တိုက်ခိုက်ခဲ့သည်။
ယင်းတိုက်ခိုက်မှုတွင် ကား ၁၀စီးလုံးကို ဖျက်ဆီးနိုင်ခဲ့ပြီး စစ်အာဏာရှင်တပ်ဘက်က ၁၁ဦး သေဆုံးကာ ၁၀ဦး ဒဏ်ရာရ သည့် အပြင် သုံးဦးကိုလည်း ဖမ်းမိခဲ့ကြောင်း မဟာမိတ်ပူးပေါင်းတပ်များဘက်က ထုတ်ပြန်ထားသည်။
ယင်းသို့ တိုက်ခိုက်ခံရပြီးနောက် စစ်အာဏာရှင်တပ်က ဩဂုတ်လ ၂၀ ရက်တွင် ထားဝယ်က အင်အား ၆၀ ခန့်ပါသည့် စစ်ကူစစ်ကြောင်း ထပ်မံရောက်ရှိလာပြီး ဩဂုတ်လ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် နှစ်ဖက်တိုက်ပွဲများ ဆက်ဖြစ်နေကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း(၂၇)တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောမှူးဂေက ပြောသည်။
စစ်ယာဉ်တန်းတိုက်ခိုက်ခံရသည့် ဩဂုတ်လ ၁၉ ရက်ကလည်း စစ်အာဏာရှင်တပ်က တိုက်လေယာဉ်သုံးစင်းဖြင့် သင်္ကန်းတုံးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့သေးကြောင်း ၎င်းက ဆိုသည်။
ထီးခီးနယ်စပ်တစ်လျှောက်ကို KNLA နှင့် PDF မဟာမိတ်ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းယူထားပြီး ထားဝယ်-ထီးခီး ကားလမ်းတစ်လျှောက်တွင် စစ်အာဏာရှင်တပ်၏ ပကာရီစခန်း၊ ကျောက်မဲတောင်စခန်းနှင့် မေတ္တာဗျူဟာစခန်းများသာ ကျန်ရှိတော့သည်။
နှစ်ဖက်တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် လိပ်ကြယ်ပြောင်၊ ပခပ်၊ သင်္ကန်းတုန်း၊ ဝကုန်း၊ ဘဝပင်၊ တောင်သုံးလုံးစသည့်ကျေးရွာများက ဒေသခံများ စစ်ဘေးရှောင်နေရသည်။
ဩဂုတ်လ ၂၀ရက်က ဖြစ်ပွားသည့် တိုက်ပွဲတွင် နေအိမ်တွင် ပုန်းခိုနေသည့် ပခပ်ရွာက အမျိုးသမီးတစ်ဦး ကျည်ထိမှန် ဒဏ်ရာရကြောင်း ဒေသခံအချို့ထံမှ သိရသည်။