ထားဝယ်အရှေ့တောဒေသသို့ စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်ယာဉ်တန်းကို တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်များက တိုက်ခိုက်ရာ ယာဉ် ၁၀စင်းလုံးကို ဖျက်ဆီးနိုင်ခဲ့ပြီး စစ်အာဏာရှင်တပ်ဘက်က သေဆုံးမှုများကြောင်း ဒူရကစစ်ကြောင်းနှင့် မဟာမိတ်ပူးပေါင်းတပ်များက သတင်းထုတ်ပြန်ထားသည်။
အဆိုပါ စစ်အာဏာရှင်တပ်စစ်ကြောင်းနှင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တို့ နှစ်ဖက် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး အရပ်သား အမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရကြောင်း ဒေသခံအချို့နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့ထံမှ သိရသည်။
ယာဉ် ၁၀ စီးပါး စစ်အာဏာရှင်တပ် ယာဉ်တန်းနှင့် ခြေလျင်စစ်ကြောင်းတို့သည် ထားဝယ်-ထီးခီးကားလမ်းအတိုင်း ပကာရီ ရဲစခန်းမှ ကျောက်မဲတောင်စခန်းဘက်သို့ စစ်ကြောင်းထိုးလာစဉ် ဩဂုတ်လ ၁၈ ရက်တွင် သင်္ကန်းတုံးနှင့် ဝကုန်းရွာကြား ဘဲ့မတပ်တောင်အနီးတွင် စတင် တိုက်ခိုက်ခဲ့ကြောင်း ဒူရကစစ်ကြောင်းနှင့် မဟာမိတ်ပူးပေါင်းတပ်များက သတင်းထုတ်ပြန်ထားသည်။
ဩဂုတ်လ ၁၉ရက်တွင် စစ်ယာဉ်တန်းတစ်ခုလုံးနှင့် ခြေလျင်စစ်ကြောင်းတို့ကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ကြောင်း ဖော်ပြသည်။
စစ်အာဏာရှင်တပ်သား ၁၁ ဦး သေဆုံးပြီး ၁၀ ဦးဒဏ်ရာရခဲ့သလို စစ်အာဏာရှင်တပ်ဖွဲ့ဝင် သုံးဦးကို အရှင်ဖမ်းမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ပူးပေါင်းတပ်ဖွဲ့ကမူ ရဲဘော်တစ်ဦး သေဆုံးကြောင်း ဖော်ပြသည်။
နှစ်ရက်တာတိုက်ခိုက်မှုတွင် စစ်ယာဉ်တန်း ၁၀ စီးလုံးကို ဖျက်ဆီးနိုင်ခဲ့ပြီး M1 သေနတ် ငါးလက်၊ G3 တစ် လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဩဂုတ်လ ၁၉ ရက်တွင် တိုက်ပွဲဖြစ်နေသည့်နေရာများကို စစ်အာဏာရှင်တပ်က တိုက်လေယာဉ် သုံးစင်းဖြင့် ရှစ်ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ကြောင်း KNLA တပ်ရင်း (၂၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောမှူးဂေက ပြောသည်။





“လေကြောင်းလာကြဲတဲ့အတွက်ကြောင့် ကျွန်တော်တို့တွေ (စစ်အာဏာရှင်တပ်) ကားထဲက ပစ္စည်းတွေ ယူလို့မရတာ၊ တချို့တစ်ဝက်တွေပဲ ယူလို့ရတယ်၊ (ဩဂုတ် ၂၀ ) ညနေ စစ်ပွဲထပ်ဖြစ်တယ်” ဟု ၎င်းက ပြောဆိုသည်။
ဩဂုတ်လ ၂၀ ရက်တွင်မူ ထားဝယ်က စစ်အာဏာရှင်တပ်ဖွဲ့ဝင် အင်အား ၆၀ ခန့် အရှေ့တောဒေသသို့ စစ်ကူထပ်မံ ရောက်ရှိလာကြောင်း ဒေသခံအချို့နှင့် KNLA တို့ထံမှ သိရသည်။
ယနေ့ ဩဂုတ်လ ၂၁ ရက်အထိ နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု KNLA တပ်ရင်း ၂၇ တပ်ရင်းမှူးနှင့် ဒေသခံအမျိုးသားတစ်ဦးတို့က ဆိုသည်။
ယနေ့ နံနက်ပိုင်းတွင် ဘဲ့မတပ်တောင်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများကြားနေရပြီး နှစ်ဖက်တိုက်ပွဲ ဆက်ဖြစ်နေကြောင်း ပခပ်ရွာမှ အမျိုးသားတစ်ဦးက ပြောသည်။
“လေယာဉ်လာတဲ့ အသံတော့ မကြားဘူး။ မနေ့က ညနေ ၄ နာရီလောက်မှာ နှစ်ဖက်တိုက်ပွဲဖြစ်ပြီး ကျွန်တော်တို့ရွာက အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့တာရှိတယ်။ အိမ်ထဲမှာ ပုန်းနေရင်းကျည်ဆန်လာထိတာလို့ပြောတယ်။ ဒီနေ့ မနက်မှာတော့ ထားဝယ်ဆေးရုံကို ရောက်သွားပြီလို့ ပြောသံကြားတယ်”ဟု ၎င်းက ပြောဆိုသည်။
စစ်အာဏာရှင်တပ်ယာဉ်တန်းနှင့် ခြေလျင်စစ်ကြောင်းတို့ကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်-DNLA၏ ဒူရကစစ်ကြောင်း၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့-TPLF၊ က္လားသစ္ဏတ်(ကျားသစ်နက်)၊ ဘီလုံးပျောက်ကြားတပ်ဖွဲ့၊ သံမဏိပျောက်ကြား (နဘယံ)၊ ဒေါနတပ်ခွဲ(၇)၊ ထားဝယ်ခရိုင်အမှတ် (၂) တပ်ရင်း၊ ထားဝယ်အရှေ့တောတပ်ဖွဲ့-DEP၊ အရှေ့ပိုင်းကာကွယ်ရေးတပ်ဖွဲ့-EDF မဟာမိတ်တပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မဟာမိတ်တပ်များက သတင်းထုတ်ပြန်ထားသည်။