ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ စက်ရုံတည်ဆောက်ရေးလုပ်ငန်းခွင်ထဲတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၁၂ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ဩဂုတ်လ ၂၀ရက်က ဘန့်ဘူးအ်ဒေသ ရိုကျနာစက်မှုဇုန်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲတွင် နိုင်ငံခြားသားများ တရားမဝင် အလုပ်လုပ်နေကြောင်း တိုင်ကြားချက်ရရှိသဖြင့် ထိုင်းအာဏာပိုင်အဖွဲ့များက ပူးပေါင်းစစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။
ဝင်ရောက်စစ်ဆေးစဉ် အလုပ်သမားအချို့ ထွက်ပြေးခဲ့သဖြင့် လိုက်လံဖမ်းဆီးခဲ့ကြောင်း ဆိုသည်။
လုပ်ငန်းခွင်ထဲတွင် မြန်မာနိုင်ငံသား အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး ငါးဦး စုစုပေါင်း ၁၂ ဦးက အလုပ်လုပ်ခွင့် လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်နေသဖြင့် ဖမ်းဆီးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

မြန်မာနိုင်ငံသားများနှင့်အတူ တရုတ်နိုင်ငံသား ရှစ်ဦးကလည်း အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။
ဖမ်းဆီးခံရသူအားလုံးကို ဘန့်ဘူးအ်ရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ တရားမဝင် အလုပ်လုပ်ကိုင်မှုဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းများတွင် ဖော်ပြသည်။
အထောက်အထားမရှိသော နိုင်ငံခြားသားများကို အလုပ်ခန့်ထားမှုဖြင့် အလုပ်ရှင်ကိုလည်း အရေးယူမည်ဖြစ်ကြောင်း ဆိုသည်။
Ref: FM 91, Pattaya News, NBT Connect